{Unicode}
"သူ့အပေါ် နည်းနည်း ကောင်းပေးမယ်"
လီတာ့က ဝမ်ယန့်ရှေ့ ကိုယ်တစ်ဝက် ကိုင်းထားသည်။
သူက ခေါင်းလှည့်လာပြီး အမူအရာက တင်းမာနေကာ နက်နဲသည့် လေသံက အမိန့်ပေးနေသလိုလို....
"တက်လိုက်"
ဝမ်ယန်က ခဏတာ အံ့အားသင့်သွားသော်လည်း တုံ့ပြန်လာခြင်း မရှိဘဲ
"ဘာလဲ"
လီတာ့က မျက်မှောင်ကြုတ်သွားပြီး
"ငါမင်းကို တက်လာခိုင်းနေတာ၊ မင်းရဲ့ ခြေထောက် ဒဏ်ရာကလည်း မကောင်းသေးဘူး။ ခန္ဓာကိုယ်ကလည်း အားနည်းနေသေးတယ်။ မင်း ထော့နဲ့ထော့နဲ့နဲ့ လမ်းလျှောက်တာ အဲ့လောက် နှေးနေရင် ငါတို့အားလုံးက မင်းကို လိုက်စောင့်နေရမှာလား၊ မြန်မြန်တက်"
ဝမ်ယန်ခေါင်းက နောက်တွန့်သွားပြီး အတော်ကြာမှ ခေါင်းယမ်းလိုက်ကာ
"မလိုပါဘူး"
လီတာ့က မျက်လုံးပြူးသွားပြီး
"မင်း ဘာပြောတယ်"
ဝမ်ယန်က သူ့ခြေထောက် သူဆွဲရင်း အရှေ့ ဆက်လျှောက်သွားကာ
"ကျွန်တော် ကိုယ့်ဘာသာကိုယ် ဖြစ်ပါတယ်။ မလိုတော့ဘူး၊ ကျေးဇူးပါ"
လီတာ့သည် သူက ဝမ်ယန်ကို ကျောပိုးကာ တောင်ပေါ်တက်မည် ဆိုတာကို ဝမ်ယန်က ငြင်းနိုင်သေးသည် ဆိုတာကိုလည်း သူ မမျှော်လင့်ထားပုံပေါ်၍ ခဏလောက် အသိမကပ်တော့ပေ။
ဝမ်ယန်သည် မဆိုစလောက် နာနေသော ခြေထောက်ကို ဆွဲရင်းဆွဲရင်း တစ်လှမ်းချင်း တစ်လှမ်းချင်း တောင်ပေါ် တက်လာသည်။ အရှေ့သို့ ခြေလှမ်း လေးငါးလှမ်း လှမ်းလိုက်တိုင်း နဖူးပေါ်မှ ချွေးလေးငါးစက်က ကျလာလေသည်။ ယခုလေးတင် လီတာ့ စကားကို ကြားလိုက်ရ၍ထင်၊ အခြားသူများကိုပါ နှောင့်နှေးစေကုန်မည်ကို ပိုစိုးရိမ်သွား၍ ခြေလှမ်းများကို အစွမ်းကုန် အရှိန်တင်လာသော်လည်း မျက်နှာအရောင်ကတော့ ပို၍ပို၍ ဖြူဆုတ်လာသည်။
လီတာ့က သူ့အနောက်မှ လိုက်လာပြီး သူ့နောက်ကျောပြင်ကို ကြည့်နေရင်း နှလုံးသားထဲ တင်းကျပ်ကုန်သည်။
