{Unicode}
"ဖုန်းမချရဘူး"
ညစာပါတီတစ်ခု အဆုံးသတ်သောအခါ ယဲ့ထင်သည် စံအိမ်အပေါက်ဝတွင် ကျောက်ရှန့်ဟိုင်နှင့် ကြုံကြိုက်ခဲ့ပြန်သည်။
ကျောက်ရှန့်ဟိုင်သည် ခန္ဓာကိုယ်တွင် အပေါ်ကုတ် ဝတ်ဆင်ထားပြီး တည်ကြည်သော အမူအရာနှင့် အစဥ်အတိုင်း သိက္ခာရှိနေစမြဲပင်။ သူသည် လွန်ခဲ့သည့်အချိန်က အလွန်ပင်ပန်းနွမ်းလျပြီး မျက်တွင်းချောင်ကျခဲ့သော အခြေအနေများအား နှိမ်နင်း ကျော်လွှားသွားနိုင်ခဲ့ပုံပေါ်၏။
လာကြိုသည့်ကားက မလာသေးသည်မို့ ယဲ့ထင်က သူ့အားတစ်ချက် ကြည့်လိုက်ကာ ကျဥ်းမြောင်းနေသော မျက်လုံးများနှင့်
"မင်းရန်ကျားလိကို ဖုန်းဆက်လိုက်သေးလား"
ကျောက်ရှန့်ဟိုင်သည် လက်ပတ်နာရီကို ပတ်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။
"ရန်ကျားလိတွေ ဘာတွေ မသိဘူး"
ယဲ့ထင်သည် လက်သီးကို တိတ်တဆိတ် ဆုပ်ထားမိလိုက်ပြီး အေးစက်စွာ ပြောလာသည်။
"မင်းသူ့ကို ငါ့ဆီချက်ချင်း ဖုန်းဆက်ခိုင်းလိုက်၊ ငါ့မှာ တကယ် သူနဲ့ ပြောစရာ ရှိလို့"
ယဲ့ထင် စကားပြောနေသည့် လေသံသည် ယခင်နေ့များကဲ့သို့ ကြမ်းတမ်းခြင်း မရှိတော့ပေ။
ထို့ကြောင့် ကျောက်ရှန့်ဟိုင်သည် မှင်တက်စွာနှင့် သူ့အား မျက်လွှာပင့်ကြည့်လာပြီး သရော်ပြုံး ပြုံးလိုက်ကာ
"ကြည့်ရတာ ဥက္ကဌယဲ့က ဒေါသတွေကို တော်တော်လေး သည်းခံထားရပုံပဲနော်။ ဒါပေမဲ့၊ ဥက္ကဌယဲ့ရဲ့ လုပ်ပုံကိုင်ပုံကတော့ ပါးစပ်ဟလိုက်တာနဲ့ အတင်းကို ခြိမ်းခြောက်နေတော့တာပဲ။ ရန်ကျားလိကလည်း မင်းကြောင့်ပဲ ထွက်ပြေးသွားခဲ့တာလေ။ သူကမင်းနဲ့ အတူနေဖို့ ဆန္ဒမရှိဘူး။ မင်းဆီကို သူ့ဘက်စပြီး ဆက်သွယ်လာခိုင်းဖို့ကတော့ သူစိတ်သက်သာရာရသွားမှပဲ ထပ်ပြောနိုင်တော့မယ်ထင်တယ်"
ယဲ့ထင်၏ မျက်လုံးများက အုံ့မှိုင်းသွားသည်။
ရန်ကျားလိက မိမိနှင့် အတူနေရန် ဆန္ဒမရှိကြောင်းကို ကြားလိုက်ရသည့် အကြိမ်တိုင်း မိမိ၏ နှလုံးသားထဲတွင် ဆူးတစ်ချောင်းဖြင့် ပတ်မွေခံလိုက်ရသလိုပင်။
