{Unicode}
" 'ရန်'ကို လုယက်သည့် စစ်ဆင်ရေး"
ရန်ကျားလိ အသံလွှင့်ခန်းမ၏ စင်နောက်သို့ ဝင်လာသောအခါ လီတာ့နှင့် လီအော့တို့က ရန်ဖြစ်နေကြသည်။
အနေအထားကို ကြည့်ရသည်မှာ အတော်လေး ရုန်ရင်းဆန်ခတ် ဖြစ်နေပြီး မျက်နှာနှင့် လည်ပင်းများပါ နီရဲနေသည်အထိ ခိုက်ရန်ဖြစ်ပွားနေကြသည်။
ရန်ကျားလိသည် ကျောပိုးအိတ်ကို ချွတ်လိုက်ပြီး အထူးတဆန်းနှင့် မေးသည်။
"ဒီနေ့ဒါက ဘယ်လိုဖြစ်ရတာလဲ။ မင်းတို့နှစ်ယောက်လုံး ရန်ထဖြစ်နေကြတာ"
လီအော့သည် ခေါင်းလှည့်သွားပြီး အသက်ရှူသံက လေးလံမြန်ဆန်နေကာ မျက်လုံးအပြည့် မကျေနပ်မှုများနှင့် လက်ဆန့်ထုတ်ကာ လီတာ့အား ညွှန်ပြပြီး ရန်ကျားလိထံ ဆူညံပွက်လောရိုက်တော့သည်။
"ရန်ကော၊ ကောပဲ ကျွန်တော့်ကို တရားမျှတမှုရှိအောင် ကူညီပေးပါတော့။ လီတာ့သူက ကျွန်တော့်ရဲ့ လူ့အခွင့်အရေးကို ချိုးဖောက်နေတာ"
လီတာ့ထံ၌ ပုံမှန်အားဖြင့် စိတ်ခံစားချက် လှိုင်းလုံးများက မကြီးမားပေ။ အတော်လေး ရိုးရိုးအေးအေး တုံးတုံးအအနှင့် တည်ငြိမ်လေးနက်သည့် ယောက်ျားသားမျိုးဖြစ်သည်။
ယနေ့တော့ ဘာဖြစ်သည်မသိ၊ လီတာ့ကပါ ထူးထူးဆန်းဆန်း ဒေါသထွက်နေပြီး လီအော့မျက်နှာကို လက်ညှိုးထိုးကာ အသံကျယ်ကျယ်နှင့်
"မင်းမှာ လူ့အခွင့်အရေး ရှိလား မရှိလား ငါ ဂရုမစိုက်ဘူး။ ဒီနေတော့ မင်းသေချာပေါက် ပြောင်းရမယ်။ အခု၊ ချက်ချင်း!"
ရန်ကျားလိသည် သူတို့နှစ်ယောက်ကြားမှ ယမ်းမှုန့်အနံ့က ပို၍ပို၍ ပြင်းထန်လာသည်ကို မြင်သောအခါ ကမန်းကတန်းနှင့် နှစ်ယောက်သားကို လူစုခွဲလိုက်သည်။
"ဘယ်လိုဖြစ်နေကြတာလဲ။ မင်းတို့နှစ်ယောက် တစ်ယောက်ချင်းစီ သေချာပြော၊ လီအော့ အရင်လာခဲ့။ ထွက်ဆိုချက်ပေးဖို့ စက္ကန့်သုံးဆယ် အချိန်ရမယ်၊ အချိန် စမှတ်ပြီ"
