{Unicode}
"ရှောင်ရှနှင့် လူသိရှင်ကြား"
ယဲ့ထင်တစ်ယောက် ယခုရက်ပိုင်းအတွင်း အိမ်သိပ်ပြန်မလာတော့ပေ။
ရန်ကျားလိသည် စစချင်းတွင် ဂရုမစိုက်မိခဲ့။ ယဲ့ထင်ထံတွင် လတ်တလော စီးပွားရေး ညစာစားပွဲ များနေသည်ဟုသာ တွေးနေခဲ့သည်။
သို့သော် ယဲ့ထင်က သုံးရက်ဆက်တိုက် ညစာစားပွဲ ရှိသည်ဆိုကာ စောစော ထွက်သွားပြီး နောက်ကျမှ ပြန်ရောက်လာသည်။ လေးရက်မြောက်နေ့တွင်လည်း အင်္ကျီလဲပြီး ထွက်သွားတော့မည့် အချိန်တွင် ရန်ကျားလိက သူ့ကို ခေါ်ဆို ရပ်တန့်စေလိုက်ကာ အမေးပြုသည်။
"မင်း ထွက်သွားဦးမယ်?"
ယဲ့ထင်သည် သိုးမွေးထည် လေကာကုတ်အင်္ကျီကို ဝတ်ထားပြီး ခေါင်းညိတ်လိုက်ကာ
"ညစာစားပွဲ ရှိလို့"
ရန်ကျားလိသည် ချီးဟု အသံထွက်လာကာ ယဲ့ထင်အရှေ့ လျှောက်သွားပြီး ခေါင်းမော့လျက် သူ့မျက်လုံးကို ကြည့်သည်။
ယဲ့ထင်က ပြုံးသွားပြီး လက်ဆန့်၍ ရန်ကျားလိ၏ နားရွက်ကို ညှစ်လိုက်ကာ
"ဘာကြည့်တာလဲ"
"မင်း လိမ်ပြောနေတာလားဆိုတာ ကြည့်တာ"
ရန်ကျားလိသည် ယဲ့ထင်၏ မျက်လုံးများကို တည့်တည့် စိုက်ကြည့်နေပြီး
"မင်းငါ့ကို ဒီဆင်ခြေဟောင်းကြီးနဲ့ လှည့်စားနေတာ တော်တော်ကြာပြီနော်။ မင်းတကယ်ပဲ ညစာစားပွဲ သွားရမှာ ဟုတ်လို့လား။ အခုတလော အဲ့လောက်တောင် အလုပ်များတယ်?"
ယဲ့ထင်၏ နဖူးက ရန်ကျားလိ၏ နဖူးနှင့် ထိလိုက်ပြီး သက်ပြင်းချသံနှင့်
"အရမ်း အလုပ်များတာ၊ ကိစ္စအကြီးကြီးကို ပြင်ဆင်နေတာလေ"
ရန်ကျားလိက နှာခေါင်းရှုံ့လိုက်ပြီး
"မင်းအပြင်မှာ တစ်ယောက်ယောက် ရှိနေတာတော့ မဟုတ်လောက်ဘူးမလား"
ယဲ့ထင်က သရော်ပြုံး ပြုံးလိုက်ပြီး ရန်ကျားလိ မျက်နှာထက် နှစ်ကြိမ်မျှ ပွတ်သပ်လိုက်ကာ ကျီဆယ်စွာဆိုသည်။
