{Unicode}
"ခွေးတစ်ကောင်ကို
ဆူပူကြိမ်းမောင်း"ရန်ကျားလိသည် ပူပန်သောက အပြည့်နှင့် အိမ်သို့ပြန်လာသည်။
သူအိမ်ပြန်ရောက်သောအခါ ခုနစ်နာရီ ခွဲနေပြီဖြစ်ပြီး ယဲ့ထင်ကတော့ ပြန်မလာသေးပေ။
ရန်ကျားလိသည် မီးဖိုချောင်ထဲ ဝင်လိုက်ပြီး တစ်ဖက်က ညစာကို ပြင်ဆင်ရင်း တစ်ဖက်ကလည်း ဝမ်ယန်၏ ကိစ္စကိုတွေးတောရင်း စိတ်လွင့်နေသည်။
ထိုကပ်ဆိုက်သောကာလ ပြီးသွားသည့်နောက် ယဲ့ထင်သည် သူ့အား ဖန်သားနံရံ၏ အပြင်ဘက်တွင် ခေါင်းငိုက်စိုက်မတတ် အဖိခံထားရသော ဝမ်ယန်ကို အတူတူ ကြည့်ရှူကြရန် ခေါ်သွားသည်ကို သူမှတ်မိပါသေးသည်။ ငိုကြွေးကာ ဟစ်အော်နေရသော သနားစရာ မြင်ကွင်းဖြစ်ခဲ့ပြီး ထိုအခြေအနေပြီးနောက် ဝမ်ယန်သည် သူ့အရှေ့တွင် ထပ်ပေါ်မလာတော့ပေ။ မီဒီယာသမားများနှင့် ပရိသတ်များရှေ့ဆိုလျှင် ပိုလို့ပင် ပေါ်မလာခဲ့တော့။ ကမ္ဘာကြီးပေါ်မှ မျိုးသုဥ်းပျောက်ကွယ်သွားသလို ပျောက်ဆုံးသွားခဲ့သည်။
ယနေ့အခါ သူက ရုတ်တရက် ပေါ်လာသည့်အပြင် မိမိနံဘေးမှာပင် တမင်တကာ ဖုံးကွယ် သွားလာနေခဲ့သေးသည်။
ရန်ကျားလိသည် မျက်မှောင်ကြုတ်လိုက်ပြီး နှလုံးက တဒုန်းဒုန်းနှင့် ခုန်ပေါက်နေကာ လက်ဖဝါးတွင် ချွေးစေးများ အလိုလို ပြူထွက်လာသည်။
သူသည် စားပွဲအပြည့် ညစာများ ပြင်ဆင်ပြီး အချိန်ကိုကြည့်လိုက်ရာ ရှစ်နာရီနှင့် ဆယ်မိနစ် ရှိပြီဖြစ်သည်။
ရန်ကျားလိသည် ပန်းကန်နှင့် စားသုံးတူကို နေရာချပြီး မိမိကိုယ်တိုင်လည်း မစားသေးဘဲ စားပွဲပေါ် မှောက်နေကာ စိတ်အားထက်သန်စွာနှင့် တံခါးဝကို ကြည့်ရင်း စောင့်နေခဲ့သည်။
ဤရက်ပိုင်းတွင် ဘာကြောင့်ရယ်မသိ ယဲ့ထင် အိမ်ပြန်လာသည့် အချိန်မှာ နောက်ကျသထက် နောက်ကျလာခဲ့သည်။
မနေ့ကဆိုလျှင် ယဲ့ထင်သည် ဆယ့်တစ်နာရီ ထိုးခါနီးမှ အိမ်ပြန်ရောက်လာသည်။ ရန်ကျားလိသည် အိပ်ငိုက်လွန်း၍ မျက်လုံးပင် မဖွင့်နိုင်တော့ချေ။
