{Unicode}
"ပါးရိုက်ခံလိုက်ရသလိုမျိုး"
ရန်ကျားလိသည် ထပ်မံ၍ သူ ဌားရမ်းထားသော အိမ်အစုတ်အပြတ်ထဲမှ အခန်းငယ်လေး တစ်ခုထဲ ဝင်သွားပြန်သည်။
ယဲ့ထင်သည် မူလအစကတော့ အတူတူ လိုက်ဝင်သွားလိုသော်လည်း မမျှော်လင့်ဘဲ ရန်ကျားလိက မိမိအပေါ် အတော်လေး ပြင်းထန်သည့် ခုခံငြင်းဆန်လိုသော သဘောထားမျိုး ရှိနေသည်။
သူသည် စောင်ကို ဖွင့်လှပ်လိုက်ပြီး ရန်ကျားလိ၏ ကုတင်သေးသေးလေးတွင် ဝင်အိပ်ချင်ခဲ့သည်။ သို့သော် ရန်ကျားလိကတော့ စောင်၏ အနားစွန်းသို့ တိုးဝင်သွားပြီး ခန္ဓာကိုယ်ကို ကွေးကောက်ထားသည်။ သတိအပြည့် ဖြစ်နေသော သူ၏ မျက်လုံးများက နိုးနိုးကြားကြား တောက်ပလာပြီး စိတ်ခံစားချက်များမှာလည်း အလွန်အမင်း အသည်းအသန် ဖြစ်လို့လာကာ မကောင်းဆိုးဝါး ဝံပုလွေကောင်ကြီးထံမှ ပုန်းအောင်းနေရသည့် သိုးသူငယ်လေး အတိုင်းပင်။
ယဲ့ထင်သည် အကြိမ်ကြိမ် အဖန်ဖန် ကြိုးစားကြည့်သေးသော်လည်း မည်သို့ဆိုစေကာမူ ရန်ကျားလိက သူ့အား ဤနေရာမှာကို ရှိမနေစေချင်ခဲ့ပေ။
ယဲ့ထင်သည် သက်ပြင်း အရှည်ကြီး ချလိုက်ပြီး လက်မြှောက်လိုက်ကာ
"အင်းပါ၊ အင်းပါ၊ အင်းပါ။ ကိုယ် မနေပါဘူး။ ကိုယ်မင်းရဲ့ အခန်းထဲမှာ မနေတော့ပါဘူးနော်"
ရန်ကျားလိသည် ယဲ့ထင်ကို အချိန်အကြာကြီး စိုက်ကြည့်ပြီးမှ ခန္ဓာကိုယ်ကို ဖြေလျှော့လိုက်ကာ စောင်ပုံလေးထဲ ပြန်တိုးဝင်သွားသည်။
ယဲ့ထင်သည် သူ့အား စောင်သေချာခြုံပေးလိုက်ပြီး သူ၏ ပါးပြင်ပေါ် တစ်ချက်လောက် နမ်းချင်ခဲ့သည်။
ရန်ကျားလိကတော့ စောင်ပုံထဲ တိုးဝင်သွားပြီး အလျင်အမြန် ပုန်းခိုလိုက်သည်။
ယဲ့ထင်သည် ကူကယ်ရာမဲ့ ဖြစ်လို့သွားကာ မိမိကိုယ်ကိုယ် ရယ်လိုက်မိပြီး အခန်းထဲမှ ထွက်လာသည်။
လက်ထောက်က တံခါးဝမှာ စောင့်နေခဲ့ပြီး ယဲ့ထင် ထွက်လာသည်ကို မြင်သည်နှင့် စကားဆိုတော့သည်။
