{Unicode}
"နှစ်ဖက်ပြတ်"
လျိုရွှင်းက မသိချင်ယောင်ဆောင်နေပြီး
"လူ၊ ဘာလူလဲ? ကျွန်တော် ဥက္ကဌယဲ့ရဲ့ လူကို ခေါ်ထားမိလို့လား"
ယဲ့ထင်၏ မျက်လုံးက မှေးမှိန်သွားပြီး ငြိမ်သက်နေသော မျက်နှာဖုံးသည်လည်း ကွာကျလာကာ နောက်ကွယ်မှ မှုန်ကုပ်နေသော အမူအရာကို ထုတ်ပြလာသည်။
"ငါ့ရှေ့မှာ မလိမ့်တပတ် လာလုပ်မနေနဲ့"
လျိုရွှင်းသည် ပခုံးတစ်ချက် တွန့်လိုက်ပြီး ဟန်ဆောင်ပန်ဆောင် လုပ်ဖို့ရန်လည်း ပျင်းရိသွားခဲ့သည်။
သူသည် ခပ်ဖျော့ဖျော့ နှာမှုတ်လိုက်ရင်း သွယ်ဝိုက် မနေတော့ဘဲ စကားဆိုသည်။
"သူထွက်သွားပြီ"
ယဲ့ထင်၏ အသက်ရှူသံသည် ကျပ်တစ်ချက် ဖြစ်သွားပြီး လေသံသည်လည်း ခဏတွင်းချင်း အေးစက် တောင့်တင်းလာကာ
"မင်း ဘာပြောတယ်?"
"ကျွန်တော် ပြောတာ၊ သူထွက်သွား..."
'ပြီ' ဟူသော စကားလုံးကို ပြောရန် ပါးစပ်ဟဖို့ အချိန်မမီလိုက်သေးခင်မှာပဲ ယဲ့ထင်သည် လက်ဆန့်ထုတ်လာပြီး လျိုရွှင်း၏ လည်ပင်းကို ဆွဲညစ်လိုက်သည်။ လူကို နံရံတွင် ဘုန်းခနဲ ဖိထားလိုက်ကာ ရက်စက်ကြမ်းကြုတ်သော မျက်လုံးများနှင့် ထိတ်လန့်နေသလို ဒေါသမီးလျှံလည်း တောက်လောင်နေခဲ့သည်။
"နောက်တစ်ခါ ထပ်ပြော!"
လျိုရွှင်းသည် ချောင်းနှစ်ချက် ဆိုးလိုက်ပြီး ညစ်ထားခံရမှုကြောင့် မျက်နှာများပါ နီရဲလာသည်။
သူသည် စူးစိုက်ကြည့်နေပြီးမှ နောက်ဆုံးတွင် အံကြိတ်ကာ ဂုဏ်သရေ သိက္ခာတို့ကို ဂရုမစိုက်တော့ဘဲ
"သူက မင်းလာမယ်ဆိုတာ သိနေမှတော့ သေချာပေါက် ထွက်ပြေးရတော့မှာ မဟုတ်ဘူးလား"
ယဲ့ထင်၏ လက်ချောင်းမှ ခွန်အားက တဖြည်းဖြည်းချင်း တင်းကျပ်လာသည်။ သူသည် ခေါင်းလှည့်လိုက်ပြီး နောက်ကွယ်မှ သက်တော်စောင့်များကို တစ်ချက်ကြည့်ကာ အေးစက်လေးနက်စွာနှင့် စကားဆိုသည်။
