{Unicode}
"ထပ်မချစ်ရဲတော့ဘူး"
လန်ထျန်းသည် ရွမ်ယမ့်ထင်ကို မျက်နှာမူပြီး အားနှင့်မာန်နှင့် ဖွီးခနဲ အသံပြု၏။
သို့သော် သူသည် ငယ်စဥ်ကတည်းက ထိုကဲ့သို့ ရိုင်းပျ အောက်တန်းကျသော တံတွေးထွေးခြင်း အပြုအမူများကို မသင်ကြားခဲ့ရလေရာ သူ့ခမျာ အင်အား အများအပြား စိုက်ထုတ်ခဲ့ရသည့်တိုင် တံတွေးကို တစ်ဝက်လောက်ပင် ထွေးမထုတ်နိုင်ခဲ့ပေ။ ထိုမြင်ကွင်းကို ကြည့်နေသော ရွမ်ယမ့်ထင်မှာတော့ လွန်စွာမှပင် ချစ်ဖို့ကောင်းလိုက်တာ ဟုသာ ခံစားနေမိသည်။
လန်ထျန်းကတော့ ကျိန်ဆဲနေသည်။
"ဘာကို အိမ်က ထွက်ပြေးတဲ့ ကစားပွဲလဲ။ သခင်လေးက တကယ် ထွက်လာတာကွ"
ရွမ်ယမ့်ထင်က ပေါ့ပေါ့တန်တန်နှင့် အင်းဟု အသံပြုပြီး
"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။ မင်းက တကယ် ထွက်လာတယ်ဆိုတော့လည်း တကယ် ထွက်လာတယ်ပေါ့။ ဒါဆိုအခုတော့ ငါနဲ့ ပြန်လိုက်ခဲ့သင့်ပြီနော်။ ပစ္စည်းတွေက ဘယ်မှာလဲ၊ ငါမင်းကို ကူရွေ့ပေးမယ်"
လန်ထျန်းက တံခါးဝမှာ ပိတ်ရပ်နေပြီး
"ဘယ်သူက ငါမင်းနဲ့ ပြန်လိုက်ခဲ့မယ် ပြောလို့လဲ"
ရွမ်ယမ့်ထင်က မျက်မှောင်ကုတ်လိုက်ပြီး အနည်းငယ် လေးနက်စွာနှင့်
"ဒေါသထွက်အောင် မလုပ်နဲ့"
လန်ထျန်းသည် ထိုစကားကို ကြားသည်နှင့် ဒေါသပုန် ထလာတော့၏။
သူသည် ခြေထောက်မြှောက်လိုက်ပြီး ရွမ်ယမ့်ထင်၏ ခန္ဓာကိုယ်ကို ဆောင့်ကန်ပစ်ချင်ခဲ့သည်။ စိတ်မကောင်းစရာကတော့ ခြေထောက်လေးက ရွမ်ယမ့်ထင်၏ လက်တစ်ဖက်တည်းနဲ့တင် ဖမ်းမိသွားပြီး လန်ထျန်းကသာ ဘေးကျပ်နံကျပ်ထဲ ကျရောက်သွားရလေ၏။
လန်ထျန်းသည် အမျက်ချောင်းချောင်း ထွက်သွားပြီး ဆိုးဆိုးရွားရွား အော်ဟစ် ဆဲဆိုလေတော့သည်။
"ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီ ထင်နေပြန်ပြီ၊ ကျွန်တော့်ကို လာမခြိမ်းခြောက်နဲ့။ ကျွန်တော်က ခင်ဗျားနဲ့ ပြန်လိုက်လာချင်သေးတယ်လို့များ ထင်နေတာလား။ ကျွန်တော် ခင်ဗျားကို အစ်ကိုတစ်ယောက်လို သတ်မှတ်လာတာ နှစ်နှစ်ဆယ် ရှိနေပြီ။ ခင်ဗျားကတော့ စောက်ကျိုးနည်း ကျွန်တော့်ကို လုပ်တယ်"
