{Unicode}
"သူလျှို"
ထိုလူငယ်လေးသည် အားဖူကို မြင်သည်နှင့် အသိစိတ် ပျောက်သွားသလိုကို ဖြစ်နေတော့သည်။
သူ၏ ထိုကဲ့သို့ စွဲစွဲလမ်းလမ်း ဖြစ်နေသော အမူအရာသည် ရန်ကျားလိ တွေ့ဖူးခဲ့သော အားဖူတစ်ကောင် ငါးခြောက်ကို မြင်သောအခါ ဖြစ်သွားခဲ့သည့် အမူအရာနှင့် တစ်ပုံစံတည်းပင်။
ထိုအမျိုးသားလေးသည် တံခါးဘောင်ကို ဆွဲကိုင်ထားပြီး ထွက်မသွားချင်တော့သည့် ပုံစံပေါက်နေသည်။
သူသည် နေ့တစ်ဝက်လောက် တွန့်ဆုတ်တွန့်ဆုတ်နှင့် ဖြစ်နေပြီးမှ ဗလုံးဗထွေးနှင့် ပြောလာလေ၏။
"ကျွန်တော်...ခဏလောက် ဝင်လာလို့ ရမလား"
ရန်ကျားလိသည် အလွန်အမင်း ရက်ရောနေပြီး တံခါးဖွင့်ကာ သူ့အား အထဲဝင်လာခိုင်းလိုက်သည်။
ထိုအမျိုးသားလေးသည် ဟီးဟီးဟု ရယ်လိုက်ပြီး ပါးချိုင့်နှစ်စုံကို ဖော်ပြလာသည်။ အိမ်စီးဖိနပ်ကို လဲဝတ်လိုက်ပြီး ဆိုဖာပေါ်တွင် ဆောင့်ကြောင့်ထိုင်နေသော အားဖူထံ ချဉ်းကပ်သွားသည်။ ထို့နောက် မိမိကိုယ်ကို တစ်ဝက်မျှ ကိုင်းချလိုက်ပြီး အားဖူ၏ မွှေးပွပွ၊ လုံးဝန်းဝန်း ဦးခေါင်းလေးကို ညင်ညင်သာသာ ပွတ်သပ်ပေးနေ၏။ ဦးခေါင်းနောက်မှ အမြီးထိတိုင် ပွတ်သပ်နေစဉ်အတွင်း သူသည် အလွန်အမင်း ပျော်ရွှင်နေပုံပေါက်နေပြီး မျက်နှာပေါ်တွင်လည်း ပျော်ရွှင်နေသည် ဟူသော စကားလုံးမှာ အထင်းသား ထင်ဟပ်နေလေ၏။
အားဖူသည် ရန်ကျားလိနှင့် အတူနေသည်မှာ ကြာပြီဖြစ်သော်လည်း လူတွေနှင့်လည်း စိမ်းသက်မနေပေ။
ထိုလူငယ်လေးသည် ကြောင်များကို ပွတ်သပ်ကိုင်တွယ်ရာတွင် အတော်လေး အကျွမ်းတဝင် ရှိလှသည်။ အားဖူသည် မိမိကိုယ်ကိုယ် ငွေကြေးအခမဲ့ အနှိပ်ခန်းထဲ ရောက်နေသည့်အတိုင်း လှဲချလိုက်ရုံတင်မက မျက်လုံးများပါ မှေးစင်းနေပြီး ပါးစပ်ဟကာ "ဘယ်ဘက်ကို အားနည်းနည်း ပိုထည့်ဦးလေ" ဟု ပြောလာတော့မည့် အတိုင်းပင်။
ရန်ကျားလိသည် အားဖူ၏ ခေါင်းကို မိမိခြေထောက်ပေါ် ရွေ့လိုက်သည်။
