{Unicode}
"ပြင်းထန်သောရောဂါဝေဒနာ"
လီတာ့တစ်ယောက် ကြက်သေသေသွားသည်။
သူက ဝမ်ယန်၏ ကိုယ်ရေးကိုယ်တာကို မတော်တဆ ချိုးဖောက်မိသွားသလိုပင်။
သူသည် ဝမ်ယန် ခြေထောက်ကြားရှိ ညှဉ်းပန်းနှိပ်စက်ရာမှ ဖြစ်ပေါ်လာသော ခရမ်းပြာရောင် အနာရွတ်များကို ကြည့်နေရင်း နေ့တစ်ဝက်လောက် စကားပြောမထွက်တော့ပေ။
ဝမ်ယန်က ဘောင်းဘီကို ပြန်ဆွဲတင်လိုက်ပြီး မျက်နှာက ဖြူဖတ်ဖြူရော်နှင့် မတ်တတ်ရပ်လိုက်ကာ ထော့နဲ့ထော့နဲ့နှင့် တစ်ဖက်တွင် ထိုင်ချလိုက်ပြီး တိတ်ဆိတ်သွားသည်။
လီတာ့သည် သူ၏ ခေါင်းငုံ့ထားရင်း တိတ်တဆိတ်နှင့် စကားမပြောသည့် ပုံစံကို ကြည့်နေရင်း နှလုံးသားထဲ မျိုသိပ်ထားသော ဒေါသတို့အကြား စိုးရိမ်ပူပန်သွားမှုတို့က ဆတိုးလို့လာသည်။
လီအော့က လေ့ကျင့်ရေး ပြီးသွားကာ အပြေးစက်ပေါ်မှ ချွေးတရွှဲရွှဲဖြင့် ဆင်းလာသည်။
ဝမ်ယန်က အကျဉ်းသား တစ်ယောက်အလား ခေါင်းငုံ့ကာ အပြစ်ရှိကြောင်း ဝန်ခံခဲ့သလိုမျိုး ထိုင်ခုံလေးပေါ် ထိုင်နေပုံကို သူ မြင်လိုက်ရသောအခါ မျက်ခုံးပင့်သွားပြီး နဖူးမှ တသီးသီး ရွှဲကျနေသော ချွေးစက်များကို မျက်နှာသုတ်ပုဝါဖြင့် သုတ်လိုက်ရင်း လီတာ့နံဘေးသို့ လျှောက်လာကာ ဖိနှိပ်ထားသော လေသံနှင့်
"ကော၊ သူ ဘာဖြစ်တာလဲ"
လီတာ့က ပြောသည်။
"ဘာမှမဖြစ်ဘူး၊ လဲကျသွားတာ"
လီအော့က မျက်မှောင်ကြုတ်သွားပြီး
"ကောပဲ သူ့ကို အနိုင်ထပ်ကျင့်လိုက်တာ မဟုတ်ဘူးလား"
လီတာ့က ထိုစကားကို ကြားသည်နှင့် ဒေါသထွက်သွားကာ
"ဘာက ငါသူ့ကို ထပ်အနိုင်ကျင့်ပြန်ပြီလို့ ခေါ်တာလဲ။ ငါကရော ဘယ်တုန်းက သူ့ကို အနိုင်ကျင့်ချင်နေလို့လဲ"
လီအော့က မျက်နှာသုတ်ပဝါကို လည်ပင်းပေါ် ပြန်ချိတ်လိုက်ပြီး နှုတ်ခမ်းတွန့်ကာ အထင်အမြင်သေးစွာနှင့် လှောင်ပြောင် သရော်သည်။
