{Unicode}
"Wine Party"
ယဲ့ထင်က ရန်ကျားလိ၏ လက်နှစ်ဖက်စလုံးကို နံရံပေါ်တွင် တင်းတင်းကျပ်ကျပ် ဖိကပ်ထားသည်။
သူသည် အလွန်အမင်း နီးကပ်လာ၍ အနေအထားက ရန်ကျားလိ၏ ခန္ဓာကိုယ်နှင့် ထပ်လျက်ကျတော့မတတ်ပင်။
ရန်ကျားလိလည်း မသက်မသာနှင့် ရုန်းကန်နေရရင်း ယဲ့ထင်ဆီသို့ အေးစက်စက်အကြည့်များ ပို့လွှတ်ကာ
"လက်ကိုလွှတ်"
"မင်းအခုထိ ငါမေးတာကို ပြန်မဖြေရသေးဘူး"
ယဲ့ထင်သည် ရန်ကျားလိ၏ လက်ကောက်ဝတ်ကို ဖစ်ညှစ်ထားသည်။ သူ၏မျက်နှာသည် တည်ငြိမ်နေသေးသည်ဟု မှတ်ယူ၍ရသော်လည်း မှုန်ရီမှိုင်းနေသော မျက်ဝန်းထဲတွင် ကြောက်မက်ဖွယ် မုန်တိုင်းနှင့် အလားသဏ္ဌာန်တူသော တစ်ယူသန်စိတ်များက ခိုအောင်းနေပုံပေါ်သည်။ ရန်ကျားလိက သူ့အား စိတ်ကျေနပ်စေလောက်မည့် အဖြေမျိုး ပြန်မပေးနိုင်လျှင် သူသည်လည်း ဘယ်သောအခါမှ လက်လွှတ်မပေးတော့မည့် အတိုင်းပင်။
"ပြောစကား နားထောင်၊ ရိုးရိုးသားသားနဲ့ ငါ့ကိုပြောပြ၊ ငါနဲ့ လမ်းခွဲရတာ မင်းနောင်တ ရလား မရဘူးလား"
ရန်ကျားလိသည် ဒေါသထွက်လာပြီး လေသံသည်လည်း အနည်းငယ် တုန်ခါသွားသည်။
"ငါနောင်တရတာ မရတာက မင်းနဲ့ဘာတွေများ သက်ဆိုင်နေလို့လဲ။ ဘာလဲ၊ မင်းနဲ့လမ်းခွဲလိုက်ရလို့ ငါအရမ်းနောင်တရနေတယ်၊ ပြီးတော့ မင်းမရှိတော့ ငါဘယ်လောက်တောင် သနားစရာကောင်းသွားလဲ ဆိုတဲ့အကြောင်းတွေ ပြောပြတာကို ကြားချင်နေတာလား။ မင်းကျေကျေနပ်နပ် ပျော်ရွှင်ရဖို့အတွက် ငါ့ကို ပြက်လုံးတစ်ခုလို သဘောထားပြီး မင်းအောင်ပွဲခံတော့မှာမလား"
ယဲ့ထင်၏ မျက်နှာသည် ပို၍နားလည်ရ ခက်လာပြီး ရန်ကျားလိကို အားပိုသုံးကာ ဖိထားလိုက်သည်။
သူသည် သားကောင်ကို စိုက်ကြည့်နေသော တောရိုင်းတိရစ္ဆာန်နှင့်ပင်တူသည်။ ရန်ကျားလိ၏ ဒေါသပုံထရင်း ရုန်းကန်နေရသော မျက်နှာကို ကြည့်လိုက်ရင်း ရုတ်တရက် ရယ်လိုက်မိပြီးမှ ခပ်တိုးတိုးလေး ပြောသည်။
