{Unicode}
"ဒီထပ်နည်းနည်း ပိုကောင်းပေးပါ့မယ်"
လီတာ့သည် ဆရာဝန်နှင့်အတူ တစ်ဖက်ခန်းမှ ဆွေးနွေးတိုင်ပင်ခန်းထဲ လိုက်ဝင်သွားသည်။
ရန်ကျားလိမှာ တံခါးဝတွင် စိတ်မသက်မသာ ဖြစ်နေရမြဲဟု ခံစားနေရ၍ စက္ကန့်ပိုင်းလောက် တွန့်ဆုတ်နေပြီး နောက်တော့လည်း အတူလိုက်ဝင်လာသည်။
သူ လီတာ့နံဘေး ဝင်ထိုင်လိုက်ချိန်တွင် ဆရာဝန်က ပြောလက်စ စကားကို ရပ်လိုက်ပြီး လီတာ့ကို တစ်ချက် ကြည့်လာသည်။ လီတာ့က ခေါင်းညိတ်ပြီး ကိစ္စမရှိဘူးဟု ဖော်ပြလာမှ သူက ဆက်ပြောတော့သည်။
".....ကျွန်တော် လူနာရဲ့ အရင်က ဆေးမှတ်တမ်းကို ကြည့်ပြီးပါပြီ။ စိတ်ပိုင်းဆိုင်ရာ ပြဿနာကတော့ တောက်လျှောက် ရှိနေတာပါ။ ကြားကာလမှာ အချိန်တစ်ခုလောက် ကုသမှု ခံယူခဲ့ပြီး မှတ်တမ်းမှာလည်း တိုးတက်လာတယ်လို့ မြင်ရပေမယ့် ပြည့်ပြည့်ဝဝ ကောင်းသွားတာ မဟုတ်ဘဲ အပြင်ပန်းပဲ တိုးတက်လာတာပါ"
ရန်ကျားလိက ဂရုတစိုက်နှင့် မေးလာသည်။
"ဒါဆိုသူက ပြန်ဖြစ်လာတာလား"
ဆရာဝန်က ခေါင်းခါပြီး မျက်မှန်ကို ပင့်တင်လိုက်ကာ တလေးတနက် ဆိုလာသည်။
"ပြန်ဖြစ်တယ်လို့ မခေါ်ဘူး။ ဒါက ပွင့်ထွက်သွားတာလို့ ခေါ်တာပါ"
လီတာ့က မေးသည်။
"ဘာအဓိပ္ပါယ်လဲ"
ဆရာဝန်က သက်ပြင်းချလိုက်ပြီး အတတ်နိုင်ဆုံး ရိုးရှင်းသော စကားလုံးများကို သုံး၍ ရှင်းပြလာ၏။
"ကျွန်တော် လွန်ဆွဲပွဲနဲ့ ခင်ဗျားကို ဥပမာပေးမယ်"
"လူနာက စစချင်းမှာပဲ ဘေးကင်းတဲ့ နေရာကနေ လွတ်ထွက်သွားတော့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာမှာ အဆက်မပြတ် ထိုးနှက်မှုတွေ ခံရတော့တာပေါ့။ ဝေဒနာကို အချိန်မီ သက်သာစေတာမျိုး မရနိုင်ခဲ့တော့ တဖြည်းဖြည်းနဲ့ စိတ်ကယောက်ကယက် ဖြစ်ကုန်တဲ့ အဆင့်ထိကို ဆွဲခေါ်သွားခံရတော့တာ။ ကြားကာလမှာ သူ ဆေးကုသမှု ခံယူခဲ့တယ်ဆိုတာလည်း အခြေအနေကို ယာယီလောက်ပဲ သက်သာစေနိုင်ခဲ့တယ်။ ဒါပေမယ့် နောက်ထပ် ထိခိုက်မှုတွေ ကြုံလာရမယ်ဆိုရင်တော့ သူ့ စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်နိုင်စွမ်းတွေက ဆက်ပြီးတော့ကို ဆုံးရှုံးနေတော့မှာ။ ဘေးကင်းနေတဲ့ စည်းကနေ အပြင်ကို ဆွဲထုတ်ခံလိုက်ရတာနဲ့ ကျွန်တော်တို့ ထင်တဲ့အတိုင်း စိတ်ပိုင်းဆိုင်ရာက ပြိုလဲသွားတော့မှာပါ"
