{Unicode}
"မိသားစုရှိတာ"
ရှောက်ယယ်ခမျာ့ ခေါင်းငိုက်စိုက်ကျသွားပြီး စိတ်အားငယ်နေသည့် ခွေးတစ်ကောင်နှင့် တူကုန်သည်။
သူ မျက်လွှာပင့်ပြီး ကျောက်ရှန့်ဟိုင်ကို ကြည့်လိုက်ရာ ကျောက်ရှန့်ဟိုင်က သူ့ကိုလုံးဝ ကြည့်မနေသည်ကို တွေ့လိုက်ရပြီး စိတ်အခြေအနေက ပိုလို့ပင် ဆိုးဝါးလာသည်။
ရန်ကျားလိက ကျောက်ရှန့်ဟိုင်ကို ပွေ့ဖက်ပြီးနောက် လက်လွှတ်ပေးလိုက်ပြီး ကျောက်ရှန့်ဟိုင်အား ခန်းမထဲသို့ ကိုယ်တိုင်ကိုယ်ကျ ခေါ်သွားပေးသည်။
ရန်ကျားလိသည် နှစ်မီတာ ပတ်လည်သာ ခြား၍ ကျောက်ရှန့်ဟိုင်နောက် တပ်ကြပ်မကွာ လိုက်နေသော ရှောက်ယယ်ကို ကြည့်လိုက်ပြီး မျက်တောင် ပုတ်ခတ် ပုတ်ခတ်နှင့် ကျောက်ရှန့်ဟိုင် နားရွက်နားကပ်၍ ခပ်တိုးတိုးမေးသည်။
"သူက ခင်ဗျားကို အဲ့လောက်ထိ လိုက်တွယ်ကပ်နေတုန်းဆိုတော့ အခုထိ ခင်ဗျားကို လက်မလျှော့သေးဘူးလား"
ကျောက်ရှန့်ဟိုင်က တောင့်တောင့်တင်းတင်းနှင့် နှုတ်ခမ်းတွန့်လိုက်ပြီး
"မဟုတ်ဘူး"
ကျောက်ရှန့်ဟိုင်သည် သူ့နောက်ကွယ်မှ ရှောက်ယယ်ကို စောင်းကြည့်လိုက်ပြီး ခပ်တိုးတိုးဆိုသည်။
"ကိုယ်သူ့ကို အကြိမ်ပေါင်း မရေတွက်နိုင်လောက်အောင် ပြတ်ပြတ်သားသား ပြောပြီးသွားပြီ။ အကျိုးတစ်စက်မှ မရှိပါဘူး။ သူက တစ်ခွန်းတောင် နားမဝင်သွားဘူးလေ။ ကိုယ်လည်း ပင်ပန်းလာပြီ။ သူက ကပ်လိုက်ရတာ ကြိုက်တယ်ဆိုလည်း ကပ်လိုက် လိုက်တော့ဆိုပြီး ထားထားတာ"
ရန်ကျားလိက ပခုံးတွန့်လိုက်သည်။
သူက ကျောက်ရှန့်ဟိုင်ကို ခေါ်ပြီး ခန်းမ၏ ရှေ့ဆုံးတန်း နေရာတွင် ထိုင်ခိုင်းလိုက်သည်။
ကျောက်ရှန့်ဟိုင် ထိုင်ချလိုက်သည်နှင့် ရှောက်ယယ်က ကျောက်ရှန့်ဟိုင် နံဘေးမှ ထိုင်ခုံကို ကမန်းကတန်း ဆွဲယူလိုက်ချင်လာသည်။
