{Unicode}
"သေလည်းပြေးမလွတ်ပေမယ့်"
ယဲ့ထင်သည် လန်ထျန်း၏ အတွင်းရေးများကို အသေးစိတ်ကျကျ စစ်ဆေးခဲ့သည်။
လန်ထျန်း၏ စရိုက်လက္ခဏာများမှာ သိသာထင်ရှားလွန်းနေသောကြောင့် လက်ထောက်သည်ပင် အချိန်များများစားစား မသုံးရုံနှင့် လန်ထျန်း၏ နောက်ကြောင်းရာဇဝင်ကို ရှင်းရှင်းလင်းလင်း ရှာဖွေနိုင်ခဲ့သည်။
ရလဒ်မှာ အံ့သြစရာပင်။
ယဲ့ထင်သည် လက်ထောက် လွှဲပေးလိုက်သော အချက်အလက်များကို ကိုင်ထားပြီး သူဌေးထိုင်ခုံပေါ်တွင် ခြေချိတ်လျက် ထိုင်နေ၏။ သူသည် အမူအရာ ကင်းမဲ့စွာနှင့် တစ်မျက်နှာပြီး တစ်မျက်နှာ လှန်ကြည့်နေသည်။ နောက်ဆုံးတွင်တော့ အချက်အလက်များကို ချထားလိုက်ပြီး အပြုံးဖျော့ဖျော့နှင့်
"ထင်တဲ့အတိုင်း သူလည်း ရိုးရိုးရှင်းရှင်း မဟုတ်ဘူးပဲကို"
လက်ထောက်သည် မကြာသေးခင်ကမှ ဖျော်စပ်ထားသော ပူပူနွေးနွေး Jamaican Blue Mountain ကော်ဖီကို ယဲ့ထင်၏ ရုံးစားပွဲပေါ် ချပေးလိုက်ပြီး
"ဆရာ ဘယ်လိုလုပ်မယ်လို့ စဥ်းစားထားလဲ"
ယဲ့ထင်သည် ကော်ဖီကိုယူပြီး မတ်တတ်ထလာကာ မှန်အပြည့် ကပ်ထားသော ပြတင်းပေါက်ရှေ့ ရပ်လိုက်ပြီး ကော်ဖီတစ်ငုံ သောက်လိုက်သည်။
အတန်ကြာကာမှ အေးအေးဆေးဆေး ဖွင့်ဟ ပြောဆိုလာသည်။
"အဲ့ဒီလန်ထျန်းလည်း အကြာကြီး မခံလောက်ပါဘူး"
"အဲ့ဒီ လူကြီးမင်းလန်က အကြောင်းတစ်ခုခုကြောင့် အိမ်က ထွက်ပြေးလာတာပါ။ သူ့ရဲ့ မိဘတွေနဲ့ ရွမ်(Ruan) မိသားစုကလည်း အချိန်တွေ အကြာကြီး မိတ်ကောင်းဆွေကောင်းတွေ ဖြစ်လာခဲ့တာပါ။ ဒီတလောမှာပဲ လူတော်တော်များများကို ရှာပုံတော်ဖွင့်ဖို့ စေလွှတ်ခဲ့ကြသေးတယ်"
လက်ထောက်က သွက်သွက်လက်လက်နှင့် ဆက်ပြောလာသည်။
"ဒီဘက်ကိုလည်း မကြာခင် ရောက်လာတော့မယ်လို့ ကြားတယ်။ ကြည့်ရတာတော့ လူကြီးမင်းလန်လည်း ဒီအတောအတွင်းမှာပဲ ပြန်ခေါ်သွားခံ ရတော့မယ်ထင်တယ်"
![](https://img.wattpad.com/cover/287016747-288-k570430.jpg)