{Unicode}
"မင်းဘာတွေစားနေတာလဲ"
သွေးစစ်ပြီးသောအခါ ယဲ့ထင်က ရန်ကျားလိကို ကားပေါ်တင်ပြီး အိမ်ပြန်ခေါ်လာသည်။
ကားအတွင်းမှ လေထုအငွေ့အသက်သည် လမ်းတစ်လျှောက်လုံး တိတ်ဆိတ်ငြိမ်သက်နေသောကြောင့် ရင်ဘတ်ကိုပင် တင်းကျပ်ထုံထိုင်း လာစေသည်။
ရန်ကျားလိသည် တစ်ချိန်လုံးလိုလို လက်မောင်းမှ အပ်ပေါက်ရာ သေးသေးလေးကို ကြည့်နေရင်း မျက်လုံးထဲ မည်သို့သော ခံစားမှုမျှ မရှိဘဲ ဖျားနာရာမှ နလန်ပြန်ထူလာနိုင်သော လူတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။
ယဲ့ထင်က ရန်ကျားလိနှင့် ဘေးချင်းကပ် ထိုင်နေပြီး ရန်ကျားလိ၏ ပြုမူလှုပ်ရှားပုံများကို လိုက်လံကြည့်ရူနေသည်။
ရန်ကျားလိက လက်မောင်းကို ပြန်ချပြီး ခေါင်းလှည့်ကာ ပြတင်းအပြင်ကို ကြည့်နေမှသာ ယဲ့ထင်က ဖွင့်ဟပြောဆိုလာသည်။
"စစ်ဆေးချက် အဖြေတွေက မကြာခင် ထွက်လာတော့မှာ"
ရန်ကျားလိသည် ပြတင်းပေါက်မှ နောက်ရောက်သွားသော သစ်ပင်ပန်းမန်များနှင့် လမ်းအသွယ်သွယ်ကိုသာ ကြည့်နေပြီး မည်သို့သော တုံ့ပြန်မှုမှ မပြုခဲ့ပေ။
ယဲ့ထင်က ရန်ကျားလိ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး
"အဲ့ဒါမတိုင်ခင် ငါ့ကိုအရင် ရှင်းပြစရာ မရှိဘူးလား။ အမှန်တိုင်းပြော"
ရန်ကျားလိ၏ လည်စလုပ်မှာ ခပ်ရေးရေးမျှ လှုပ်ခါသွားပြီး
"မရှိပါဘူး"
ယဲ့ထင်၏ မျက်လုံးများက မှေးစင်းသွားပြီး လေသံထဲတွင် ခြိမ်းခြောက်မှုများပါ ကပ်တွယ်လာကာ
"တကယ် ငါ့ကို ဖုံးကွယ်ထားတာ ဘာမှမရှိဘူးလား"
ရန်ကျားလိသည် ယဲ့ထင်၏ လက်ကို ပုတ်ထုတ်လိုက်ပြီး ပြတင်းဘောင်တွင် ငြိမ်ငြိမ်လေး မှီနေလိုက်သည်။
ယဲ့ထင်သည် သက်ပြင်းရှည်ကြီး ချလိုက်ကာ ရင်ထဲမှ လောင်ကျွမ်းတော့မတက် မြှင့်တက်လာသည့် ပူပင်သောကများကို မျိုသိပ်ထားလိုက်သည်။
