{Unicode}
"ရိပ်မိသွားလေပြီ"
ထိုအချိန်တုန်းက ရန်ကျားလိမှာ အမှန်တကယ်ပင် မူးရူးနေခဲ့သည်။
ယဲ့ထင်ရင်ခွင်ထဲသို့ အတင်းအကြပ် ဆွဲသွင်းခံလိုက်ရသည့်တိုင် သူ့အပြုအမူများက ဟန်မဆောင်နိုင်ဘဲ လီတာ့ကိုသာ မျှော်ကြည့်နေပြီး မူးယစ်နေသော မျက်လုံးအစုံမှ သည်းမခံနိုင်ခြင်း အပြည့်နှင့် တတွတ်တွတ် ညည်းညူနေတော့သည်။
"မသွားဘူး၊ မသွားဘူး..."
ယဲ့ထင်၏ မျက်နှာက ပိုမိုအေးစက်လာပြီး ရန်ကျားလိ၏ လက်ကောက်ဝတ်ကို အသေအလဲ ဖမ်းဆွဲထားကာ နောက်တစ်ကြိမ် လီတာ့အနား ကပ်ခွင့်မပေးတော့ပေ။
လီတာ့က ယဲ့ထင်မှ ရန်ကျားလိအား သေမတက် ဖမ်းဆုပ်ထားသည်ကို တွေ့လိုက်ရသည့် တစ်ခဏ စိတ်ထဲတွင် သံသယများ ကိန်းအောင်းလာသည်။
သူသည် ခေါင်းကုတ်လိုက်ပြီး အသံတိုးတိုးနှင့် ယဲ့ထင်ကို စစ်ဆေးမေးမြန်းလိုက်သည်။
"လူကြီးမင်းယဲ့၊ ခင်ဗျားက တကယ်ပဲ ရန်ကောနဲ့ ဘာတော်တာလဲ"
ယဲ့ထင်က လီတာ့မျက်နှာပေါ် ကြောက်စရာကောင်းသော အကြည့်တစ်ချက် ပို့လွှတ်လိုက်ရင်း
"မင်း သိစရာ မလိုဘူး"
လီတာ့တစ်ယောက် နှုတ်ပိတ်သွားတော့သည်။
ယဲ့ထင်သည် ဆူညံပွက်လောရိုက်နေသာ ရန်ကျားလိအား ရင်ခွင်ထဲတွင် မလှုပ်သာအောင် တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။ ရန်ကျားလိ ကိုယ်ပေါ်မှ အရက်နံ့ ခပ်ပြင်းပြင်းကို ရှူရှိုက်မိသွားသောအခါ ရုတ်တရက် မကျေမနပ် ဖြစ်နေသော မျက်ဝန်းများအဖြစ် ပြောင်းလဲသွားသည်။ သူက လီတာ့ကို မေးလိုက်သည်။
"ဘာလို့ ဒီလိုပုံစံထိဖြစ်အောင် သောက်ထားတာလဲ"
လီတာ့က သက်ပြင်းဖွဖွ ချရင်း
"နှစ်တိုင်း အဲ့လိုပဲလေ"
ယဲ့ထင်က ဆိုလိုသည်ကို နားမလည်ပေ။ ထို့ကြောင့် မျက်လုံးအမူအရာနှင့် လီတာ့အား ဆက်ပြောရန် အချက်ပြလာသည်။
