{Unicode}
"သူ့ရဲ့နွေးထွေးမှု"
ရန်ကျားလိ၏ မျက်နှာတစ်ခုလုံးသည် ဘေးသို့ လွင့်ထွက်ထားသည်။
မျက်နှာထက်တွင် ပူထူသွားသော နာကျင်မှုနှင့်အတူ နားထဲတွင်လည်း မူးဝေမှုကြောင့် တဝီဝီနှင့် ဆူညံသွားသည်။
ပတ်ပတ်လည်မှ ဆူညံပွက်လောရိုက်နေသည့် လူအုပ်ကြီးသည်လည်း နျဲ့ယွင်၏ ကိုယ်တိုင်ကိုယ်ကျ ဆုံးမသင်ပြပေးမှုကို မြင်ပြီးနောက် တစ်မုဟုတ်ချင်း တိတ်ဆိတ်သွားကြတော့သည်။ မျက်လုံးများက ပွင့်နေကြသော်လည်း စကားပြောဖို့တော့ မရဲကြပေ။
နျဲ့ယွင်က အတော်လေး နာမည်ကြီးပြီး လူကြိုက်များသည်။ သူ၏ ရေပန်းစားမှုမှာလည်း တစ်ဖက်ကမ်းခတ်ပင်။ နောက်ကွယ်၌လည်း အင်အားကြီးမားသည့်၊ ကစားရန် အဆင်သင့်ဖြစ်နေသော ဝှက်ဖဲများလည်းရှိသည်။
လူအုပ်ကြီးက နျဲ့ယွင်ထံ၌ ဆုံးမခံလိုက်ရသည့် ရန်ကျားလိကိုကြည့်ရင်း တိတ်တိတ်ကလေး စာနာသနားနေကြသည်။ နျဲ့ယွင်လို လူမျိုးကို စိတ်ဆိုးအောင် သွားလုပ်မိမှတော့ ဒီကလေးမှာ ဆက်နေခွင့် မရှိတော့မှာတောင် စိုးရိမ်ရသည်။
နျဲ့ယွင်သည် ရန်ကျားလိကို တည်တည်ငြိမ်ငြိမ်နှင့် မောက်မာစွာ ကြည့်လိုက်သည်။ ထိုလက်သီး တစ်လုံးစာလောက် ပစ်ကျွေးလိုက်ရသည့်တိုင် သူ့မျက်နှာမှာ ပြောင်းလဲမှု တချို့တစ်ဝက်တောင် ရှိမနေပေ။ ထိုမျက်နှာပုံစံက လေးစားမှုဆိုသည်ကို နားမလည်၊ စီနီယာကိုလည်း အနှောင့်အယှက် ပေးချင်နေသည့် အသစ်ဝင်လာသော ဂျူနီယာလေးတွေအတွက် သေချာပေါက် ပြုလုပ်ပေးသင့်သည့် ဖြစ်ရိုးဖြစ်စဥ် ပုံမှန်ကိစ္စလေးတွေပဲဟု ပြောပြနေသည့် မျက်နှာထားမျိုးပင်။
ရန်ကျားလိက နှေးကွေးစွာ အားတင်းလိုက်ပြီးနောက် ဖြည်းဖြည်းချင်း ခေါင်းမော့လာသည်။
သူ၏ မျက်လုံးများသည် ဝံပုလွေ တစ်ကောင်ကဲ့သို့ ရုတ်တရက် စူးရှလာသည်။
"မင်းက လူကိုရိုက်တယ်?"
"ဒါက မင်းကို ရိုက်တာမဟုတ်ဘူး။ သင်ပေးနေတာ"
