{Unicode}
"မျှော်လင့်ချက်များ
ပျက်သုဥ်းသွားလေခြင်း"ရန်ကျားလိကြောင့် ဝမ်ယန်မှာ လန့်ဖြန့်သွားရသည်။
ခုနကအထိ ဦးနှောက်သေနေသူ တစ်ယောက်လို ထုံထုံထိုင်းထိုင်း နုံနုံအအ ဖြစ်နေသည့် ရန်ကျားလိက ရုတ်တရက် ရုန့်ရင်း ကြမ်းတမ်းလာပြီး မျက်လုံးများကလည်း အသက်ရှင်နေသော လူကိုပင် မျိုချတော့မယောင် ကြမ်းကြုတ်လာလေသည်။
ဝမ်ယန်သည် တံတွေးတစ်ချက် မျိုချကာ ရဲဆေးတင်ပြီး နှုတ်မှ လှောင်ပြောင်လိုသော စကားများ ဆိုလာပြန်သည်။
"မင်းက လက်ပါရဲတယ်! မင်းငါ့ကို တစ်ချက်လောက် စမ်းရိုက်ကြည့်လိုက်လေ!"
လီတာ့နှင့် လီအော့သည် ကမန်းကတန်း ရှေ့တက်လာပြီး ရန်ကျားလိကို ပြန်ဆွဲထားရသည်။
လီတာ့က ရန်ကျားလိ၏ နောက်ကျောကို ပုတ်လိုက်ပြီး ခပ်တိုးတိုး ဖျောင်းဖျသည်။
"ရန်ကော၊ စိတ်လျှော့ပါ။ သူ့လိုမျိုး အသိစိတ် မရှိတဲ့သူ လိုက်ဖြစ်မနေနဲ့"
ရန်ကျားလိ၏ မျက်လုံးများသည် ဓားသွားကဲ့သို့ ဖြစ်လို့နေပြီး ဝမ်ယန်၏ ခန္ဓာကိုယ်အနှံ့ ကုတ်ခြစ်နေဆဲပင်။
ရန်ကျားလိကို ဆွဲခေါ်သွားကြသည်ကို ဝမ်ယန် မြင်သည့်တစ်ခဏ သူသည်လည်း ထပ်မံလို့ အာချောင်လာပြန်သည်။
သူက ဟွန့်ခနဲ ရယ်လိုက်ပြီး ရန်ကျားလိကြောင့် တွန့်ကြေသွားသည့် အင်္ကျီကော်လံကို ပုတ်လိုက်ကာ ခနော်ခနဲ့ပြောသည်။
"စင်ပေါ်မှာကျတော့ မင်းအမေရဲ့ စျာပန လုပ်နေသလိုမျိုး ငိုယိုပြီး ပရိုမိုးရှင်းဆင်းတယ်။ စင်အောက်ရောက်တော့ ထပ်ပြီး လူကို ရိုက်တော့မယ့် ပုံစံတွေ ဖမ်းပြီး တကယ်လဲ မရိုက်ရဲဘူး။ ဒီလောက်ပဲ မင်းလုပ်နိုင်တာလား။ အရည်အချင်း မရှိရင်လည်း မသိသလို ဟန်ဆောင်မနေနဲ့။ ငတုံး"
ရန်ကျားလိ၏ အသံသည် ရုတ်တရက် အေးတိအေးစက် ဖြစ်သွားသည်။
"တောင်းပန်"
