{Unicode}
"ခြိမ်းခြောက်ရှိုးပြခြင်း"
လန်ထျန်းသည် ဘယ်ဆီဘယ်ဝယ်က ရလာမှန်း မသိသည့် ဖုန်အလိမ်းလိမ်း တက်နေသော ကားတစ်စီးနှင့် ရန်ကျားလိအား စားသောက်ဆိုင်သို့ ခေါ်ထုတ်ပေးသွားသည်။
ကားပေါ်မှ ဆင်းလာချိန်တွင် လန်ထျန်းသည် စပိုင်ဇာတ်ဝင်ခန်းတွင် သရုပ်ဆောင်နေသကဲ့သို့ ဘယ်ကြည့်ညာကြည့်၊ ဘယ်ကိုပြန်ကြည့်နှင့် ပတ်ဝန်းကျင်ကို ဂရုတစိုက် စစ်ဆေးနေ၏။
ရန်ကျားလိသည် ကူကယ်ရာမဲ့စွာနှင့် သူ့ခေါင်းကို ကုတ်လိုက်ပြီး
"အဲ့လောက် စိတ်လှုပ်ရှား မနေပါနဲ့"
လန်ထျန်းသည် ခုန်လှုပ်နေသော ရင်ဘတ်ကို ဆုပ်ကိုင်ထားလိုက်ပြီး မျက်လုံးဝိုင်းဝိုင်းကြီးနှင့်
"ဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲ နေရမှာလဲ။ ဥက္ကဌယဲ့ရဲ့ လူတွေက ဘယ်ချောင်မှာပုန်းပြီး ကျွန်တော်တို့ နှစ်ယောက်ကို စောင့်ကြည့်နေမလဲတောင် မသိဘူး။ ကျွန်တော်တောင် ခက်ခက်ခဲခဲနဲ့ ခင်ဗျားကို ဖုံးကွယ်ပြီး ခေါ်ထုတ်လာရတာ။ ခင်ဗျားရဲ့ မက်စ်ကို သေချာ တပ်ထားလိုက်၊ လာ၊ ကျွန်တော်နဲ့ လိုက်ခဲ့"
လန်ထျန်းသည် ရန်ကျားလိ၏ လက်မောင်းကို ဆွဲကိုင်ကာ အပေါ်ထပ်သို့ ခေါ်သွားပေးသည်။
သူသည် သီးသန့် အခန်းတစ်ခုကို ညွှန်ပြပြီး
"ဥက္ကဌကျောက်က အဲ့အခန်းထဲမှာ ခင်ဗျားကို စောင့်နေတာ"
ရန်ကျားလိသည် လန်ထျန်းအား အလွန်ကျေးဇူးတင်စွာနှင့် တစ်ချက်ကြည့်လိုက်ပြီး
"လန်ထျန်း၊ ကျေးဇူးပဲ"
လန်ထျန်းသည် မျက်ခုံးပင့်သွားပြီး ကျစ်စုတ်သပ်လိုက်ကာ ကလူကျီဆယ် သလိုနှင့် ရန်ကျားလိ၏ တင်ပါးကို တစ်ချက် ရိုက်လိုက်ပြီး
"ကျွန်တော့်ကို ကျေးဇူးတင်ဖို့ မလိုပါဘူး။ သွားတော့၊ ပီကာချူး"
ရန်ကျားလိသည်လည်း ပြုံးလိုက်မိသည်။
တံခါးဝသို့ ရောက်သောအခါ လန်ထျန်းကို လှည့်ကြည့်မိပြန်သည်။ လန်ထျန်း၏ ထိုကဲ့သို့ အားမာန်တက်ကြွမှု၊ ရွှန်းလဲ့ဝေဆာသော မျက်လုံးများနှင့် တောက်ပသော အပြုံးကို မြင်လိုက်ရသောအခါ တက္ကသိုလ် ကာလတုန်းက ပေါ့တီးပေါ့ဆနှင့် ပူပင်ကြောင့်ကြ ကင်းမဲ့စွာ ဖြတ်သန်းခဲ့သော မိမိကိုယ်ကိုပင် မြင်ယောင်လာမိသည်။
