{Unicode}
"အစ်ကို"
ရန်ကျားလိ ပြန်ပေးဆွဲခံလိုက်ရသည်။
ထိုအဖြစ်သည် ယဲ့ထင်အား ရူးသွပ်မှုပင်လယ်ထဲ အမှန်စင်စစ် နစ်မြောသွားစေလုနီးပါးပင်။
သူသည် စခရင်ပေါ်မှ သွေးစွန်းနေသော အိတ်ဆောင်နာရီနှင့် နာရီနံဘေးမှ ထုခွဲချေမွ ခံလိုက်ရသော ဂျီပီအက်စ်ကို သေမတတ် စိုက်ကြည့်နေသည်။
ဤတစ်ကြိမ် စီးပွားရေး အဆောက်အအုံများ ဆောက်လုပ်ရေး၏ လေလံပရောဂျက်ကို ပြင်ဆင်နေစဥ် သူသည် တမူထူးခြားသည့် အနံ့အသက်များကို ရရှိခဲ့သည်။
သူသည် အမြဲလိုလို သတိကြီးသူ ဖြစ်သည့်အလျောက် ကုမ္ပဏီတွင် လုံခြုံရေးကို ပိုမို တောင့်တင်း ခိုင်မာစေရုံမကဘဲ လျို့ဝှက်စာရွက်စာတမ်းများကို ကြီးကြပ်ကိုင်တွယ်ရန်နှင့် ပြန်လည်စိစစ်ရန် လုပ်ငန်းစဥ်များကိုလည်း ပို၍ တင်းတင်းကျပ်ကျပ် ရှိစေခဲ့သည်။ ထိုတင်မက ရန်ကျားလိ၏ ခန္ဓာကိုယ်ပေါ်တွင် တည်နေရာ ခန့်မှန်းနိုင်သော အိတ်ဆောင်နာရီကို တိတ်တိတ်ကလေး ထည့်ထားခဲ့သည်။ နောင်ဖြစ်လာနိုင်သော ကိစ္စများကို ကြိုတင်ကာကွယ်ရန် အတွက်ပင်။
သို့သော် ရန်ကျားလိက အဖမ်းပါခံလိုက်ရပြီး သူကြိုတင် ပြင်ဆင်သည့် အနေဖြင့် တပ်ဆင်ထားခဲ့သည့် ဂျီပီအက်စ် ကိရိယာကိုပါ ဘာတစ်ခုမျှ မကျန်အောင် ဖျက်ဆီးပစ်ခံရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ဖူးပေ။
ယဲ့ထင်၏ မျက်လုံးသည် သွေးရဲရဲ နီနေပြီး လွန်ကဲစွာ အမျက်ထွက်နေသော သားရိုင်းတစ်ကောင်အတိုင်း တစ်ကိုယ်လုံး ကြောက်စရာ ကောင်းလောက်အောင် ရုန့်ရင်းကြမ်းတမ်းနေသည်။
ယဲ့ထင်သည် တစ်ညလုံး မအိပ်နိုင်ခဲ့ပေ။ ပြင်းထန်သော အမျက်ဒေါသနှင့် ကြောက်ရွံ့ထိတ်လန့်မှုတို့က သူ့အား မျက်လုံးမှိတ်ပြီး ခဏလောက် အနားယူဖို့ရန်ပင် မစွမ်းဆောင်ပေးနိုင်ခဲ့ပါ။
မျက်လုံး မှိတ်လိုက်သည်နှင့် အိတ်ဆောင်နာရီပေါ်မှ စေးကပ်ကပ် သွေးစက်များက သူ့ဦးနှောက်ထဲ ဝင်ရောက်လာသည်။ ၎င်းမှာ ရန်ကျားလိတစ်ယောက် စိုးစဥ်မျှသော ဒဏ်ရာအနာတရတို့ ရရှိသွားမည်ကို သူကြောက်သည့်အတွက် သူ့နှလုံးသားအား ကတုန်ကယင် ဖြစ်လာအောင် ထိုးဆွပေးနေသည့် အစွမ်းထက်ဆုံး ကျိန်စာကဲ့သို့ပင်။
