{Unicode}
"ဆယ်နှစ်တာ တစ်အိပ်မက်(၃)"
ရန်ကျားလိမှာ ဘွဲ့ဝတ်စုံကိုကြည့်ပြီး မခံစားနိုင်လောက်အောင် ရှက်ရွံ့လာသည်။
သူက နားရွက် နီလျက်သားနှင့် ယဲ့ထင်ကို စိုက်ကြည့်လိုက်သည်။
"ငါတို့ ဘွဲ့ရထားတာဖြင့် ဒီလောက်နှစ်တွေ ကြာနေပြီကို"
ယဲ့ထင်ကတော့ဖြင့် ပုံမှန်နှင့် ကွဲထွက်နေပြီး ကလေးလေးတစ်ယောက်နှယ် ကကြီကကြောင် နိုင်စွာဖြင့် ရန်ကျားလိကို ဘွဲ့ဦးထုပ် ဆောင်းပေးလိုက်ကာ တွဲကျနေသော မြိတ်ပန်းဖွားများကို ဖွပေးလိုက်ရင်း
"နောက်တစ်ခါလောက် ထပ်လျှောက်ရအောင်ပါ။ ကိုယ်တို့ရဲ့ အမှတ်တရတွေထဲမှာ နောင်တတွေ မကျန်ခဲ့စေချင်ဘူး။ အဲ့ဒါကြောင့် ကိုယ့်ကိုအဖော်ပြုပြီး ဒီတစ်ကြိမ်လေးကို အစားထိုးပေးပါကွာ"
ရန်ကျားလိက သူ့ကို မနိုင်တော့ဘဲ မျက်နှာနီနီနှင့် ဘွဲ့ဝတ်စုံ ဝတ်လိုက်ကာ မဝံ့မရဲနှင့် ကားထဲမှ ထွက်လာသည်။
ယဲ့ထင်လည်း ခပ်ဖွဖွပြုံးရင်း ဘွဲ့ဝတ်စုံဝတ်၊ ဘွဲ့ဦးထုပ်ဆောင်းကာ ကားပေါ်မှ ဆင်းလာသည်။
ဘွဲ့အခမ်းအနား မတိုင်မီတွင် ကျောင်း၏ ကြီးကြီးငယ်ငယ် လမ်းသွယ်များနှင့် ရှူခင်းမြင်ကွင်းများ အားလုံးတွင် ထွက်ခွာသွားရတော့မည့် ဘွဲ့ရကျောင်းသား ကျောင်းသူများဖြင့် ပြည့်နှက်နေပြီး တစ်စုတစ်စုနှင့် တွဲကပ် သွားလာနေကြသည်။ အပြုံးများက တောက်ပနေ၍ မနက်ခင်း နေရောင်ကဲ့သို့ လတ်ဆတ်ကာ အသက်ဝင်နေသည်။
ယဲ့ထင်တစ်ယောက်က ကြီးမားသည့် ဘွဲဝတ်စုံအောက်တွင် ရန်ကျားလိ၏ လက်ကို ဆုပ်ကိုင်ထားသည်။
ရန်ကျားလိက သရော်သည်။
"ငါတို့နှစ်ယောက် ဒါက၊ ရှုံ့တွနေတဲ့ သခွားသီးကို အစိမ်းရောင် ခြယ်ထားသလို ငယ်ချင်ယောင်ဆောင်နေတာပဲ"
ယဲ့ထင်က ရန်ကျားလိကို ကြည့်လိုက်ကာ သူ့မျက်နှာကို ပွတ်သပ်လိုက်ပြီး နွေးထွေးစွာ ဆိုသည်။
