{Unicode}
"တက်လိုက်"
ကွင်းဆင်းရိုက်ကူးမည့်နေ့တွင် ယဲ့ထင်က ရန်ကျားလိကို ကားမောင်းပြီး လိုက်ပို့ပေးသည်။
နောက်ဆုံး သူ ဆုံရပ်ကို ရောက်သည့်အခါ ရန်ကျားလိက ကားပြတင်းပေါက်မှ တစ်ဆင့် အပြင်ကို လှမ်းကြည့်လိုက်သည်။ ရိုက်ကူးရေး အဖွဲ့သား အများအပြား ရောက်ရှိနှင့်နေပြီး တောင်ပေါ်တက်ဖို့ရန် အလောသုံးဆယ် ပစ္စည်းများရွှေ့ကာ ပြင်ဆင်နေကြသည်။ လီတာ့၊ လီအော့နှင့် ဝမ်ယန်တို့လည်း ရောက်နှင့်နေကြပြီ။
ရန်ကျားလိက ကားမှန်ချပြီး သူတို့ထံ ပြုံးကာ လက်ဝှေ့ယမ်းပြသည်။
ကားရပ်သွားသော်လည်း ယဲ့ထင်က ချက်ချင်း တံခါးကို မဖွင့်ပေးပေ။
သူ့ လက်များက ရန်ကျားလိ ပါးပြင်ထက် မခွဲနိုင် မခွာရက် တဝဲလည်လည် ပွတ်သပ်နေပြီး နက်မှောင်သော မျက်လုံးများထဲ ပြောမထွက်လာသော ရှုပ်ထွေးနေသည့် ခံစားချက်များ ရှိနေပြီး လေသံကလည်း အနည်းငယ် ချဥ်တူးနေကာ
"နောက်ထပ် ရက်ပိုင်းလောက် မင်းကို မတွေ့ရတော့ပြန်ဘူး၊ လက်ထပ်ထားတာမှ မကြာသေးတာကို"
ရန်ကျားလိက ညည်းညူလိုက်ပြီး
"တော်ပါ"
ယဲ့ထင်က သက်ပြင်း ခပ်ဖွဖွ ချကာ လက်ဆန့်ပြီး ရန်ကျားလိ၏ ထိုင်ခုံခါးပတ်ကို ဖြုတ်ပေးလိုက်သည်။
သူသည် အပြင်ဘက်မှ ပျားပန်းခတ်မျှ လှုပ်ရှားနေသော မြင်ကွင်းနှင့် သဘာဝ ရှူမြင်ကွင်းကို ကြည့်ကာ
"မင်းတို့က ဒီမှာ ရိုက်ကူးရေး လုပ်ရမှာလား"
ရန်ကျားလိက ခေါင်းယမ်းလိုက်ပြီး
"မဟုတ်ဘူး၊ ဒါက စုဝေးကြတဲ့ နေရာတစ်ခုပဲ။ ခဏနေ တောင်တက်မှ အပြင်ဘက် ရှူခင်းတွေကို စပြီး ရိုက်ကူးတော့မှာ။ ပြီးတော့ အဲ့တောင်ကို တက်ပြီးရင် ဟိုတောင်ကို တက်ရမှာ။ နောက်ဆုံးကျမှ ကြိုတင်စီစဥ်ထားတဲ့ လယ်ကွင်းထဲက အိမ်ယာမှာ တည်းရမှာ၊ ငါးရက်ခရီး လောက်ပါပဲ"
ယဲ့ထင်က မျက်မှောင်ကြုတ်သွားပြီး
"ဘာလို့ အဲ့လောက်တောင် ပင်ပန်းရတာလဲ"
