{Unicode}
"ရွှင်းကော"
ရန်ကျားလိသည် ထိုအမျိုးသားအား အလွန်ရင်းနှီးနေသည်ဟု ခံစားမိသည်။
သူသည် ထိုအမျိုးသား၏ မျက်ခုံး၊ မျက်လုံးများကို ကြည့်လိုက်ရာ တစ်နေရာရာတွင် မြင်ဖူးနေသည်ဟု ထင်မှတ်လာမိသည်။
"ရှောင်ရန်၊ မင်း နောက်ဆုံးတော့ ရောက်လာပြီနော်"
ထိုအမျိုးသားသည် ရန်ကျားလိရှေ့ အပြေးရောက်လာပြီး မျက်လုံးထဲတွင်လည်း ပြုံးရိပ်သန်းနေကာ သဘာဝအတိုင်း ရင်းနှီးပျူဌာတတ်သော အမူအကျင့်မျိုး ရှိနေသည်။
ရန်ကျားလိသည် မျက်တောင် ပုတ်ခတ် ပုတ်ခတ် လုပ်နေရင်း မျက်စိရှေ့မှ ထိုလူက မည်သူမည်ဝါမှန်း မတုံ့ပြန်နိုင်သေးခင်မှာပဲ ထိုလူက ရန်ကျားလိ၏ ပခုံးကို ပုတ်လိုက်ကာ ပွင့်လင်း မြင်သာစွာနှင့်
"ကိုယ့်ကို မမှတ်မိတော့ဘူးလား။ သေချာလေး ထပ်ကြည့်ပါဦး။ မင်းသာ ကိုယ့်ကို တကယ် မမှတ်မိတော့ရင် ကိုယ်လည်း တကယ် စိတ်ပျက်မိမှာပဲ"
သူက မျက်နှာကို ရန်ကျားလိရှေ့ ကပ်ပြလာပြီး သွက်သွက်လက်လက်နှင့် မျက်စိမှိတ်လိုက် မျက်တောင်ခတ်လိုက်နှင့် အလွန် မျှော်လင့်နေသည့် ပုံစံမျိုး လုပ်ပြနေသည်။
ရန်ကျားလိလည်း သူ၏ မျက်နှာ အသွင်အပြင်ကို လိုက်ကြည့်နေပြီး အတော်ကြာကာမှ ဇဝေဇဝါနှင့် ဝိုးတိုးဝါးတား မှတ်ဥာဏ်များထဲမှ တစ်စုံတစ်ခုကို ဖမ်းဆုပ်မိသွားသည်။
"ခင်ဗျားက တက္ကသိုလ် ပထမနှစ်နဲ့ ဒုတိယနှစ်တုန်းက ဘေးချင်းကပ် အခန်းမှာနေတဲ့ လျို...လျို..."
ထိုလူက တဟားဟား ရယ်လိုက်ပြီး ရန်ကျားလိ၏ ပခုံးကို ရိုက်နေကာ
"လျိုရွှင်း"
"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်။ လျိုရွှင်း"
ရန်ကျားလိ၏ မျက်လုံးများက တောက်ပသွားသည်။
"ကျွန်တော်အခုမှ သတိရတယ်။ တက္ကသိုလ် ပထမနှစ်နဲ့ ဒုတိယနှစ်တုန်းက ခင်ဗျားက ကျွန်တော်တို့ရဲ့ အဆာပြေမုန့်တွေကို စားဖို့ ကျွန်တော်တို့ အိပ်ဆောင်ကို အမြဲ ရောက်ရောက်လာတာလေ။ ကျွန်တော် မှတ်မိပြီ"
