{Unicode}
"အထီးကျန် အဖော်မဲ့"
ဝမ်ယန်က ခေါင်းမော့ မလာခဲ့။
မဝံ့ရဲ၍ ပေလော၊ ဆန္ဒမရှိ၍ ပေလောတော့ မသိနိုင်ပေ။
သူသည် ကိုယ်ကိုကျုံ့ကာ ထိုင်နေပြီး ခေါင်းကလည်း ငိုက်စိုက်နေကာ မိုက်ခရိုဖုန်းကိုသာ နားနားကပ်ထားပြီး
"ခင်ဗျား ပြောပါ"
ယဲ့ဖန်သည် သူ၏ နောက်တွန့်နေသည့် ပုံစံကိုကြည့်ရင်း သက်ပြင်းသာ ချလိုက်တော့ကာ ရှတတနှင့် ပြုံးသံတစ်ချက် ထွက်လာပြီး
"ယန်ယန်၊ မင်းကိုယ့်ကို ဘာကြောင့် သစ္စာဖောက်လိုက်ရတာလဲ ဆိုတာကို ပြောပြနိုင်မလား"
ဝမ်ယန်၏ လည်စလုပ်က အနည်းငယ် လှုပ်ယမ်းသွားပြီး တိုးဖျော့ဖျော့နှင့် စကားဆိုလာသည်။
"ကျွန်တော် ခင်ဗျားကို သစ္စာမဖောက်ခဲ့ပါဘူး"
"ကျွန်တော် ခင်ဗျားဆီကသာ အလိမ်မခံချင်တော့တာပါ"
ယဲ့ဖန်၏ မျက်လုံးထဲတွင် သွေးကြောများအနှံ့ ဖြစ်တည်သွားကာ အတန်ကြာမှ ခေါင်းငုံ့ကာ ပြုံးလိုက်ပြီး
"တကယ်လို့ မင်းသာ ရန်ကျားလိကို ထွက်ပြေးဖို့ မကူညီခဲ့ရင်၊ ပြောမရဘူး၊ ကိုယ်တကယ်ပဲ ယဲ့ထင်ကို ဆွဲချရင် ဆွဲချနိုင်လောက်မှာ။ ကိုယ် ပြောဖူးတယ်လေ၊ အဲ့အချိန် ရောက်တာနဲ့ ကိုယ်မင်းအပေါ် ကောင်းကောင်း ဆက်ဆံပေးမယ်လို့။ မင်းက ကိုယ်နဲ့တောင် အတူဆက်မသွားခဲ့ဘဲ ကိုယ်က တကယ်ကြီး မင်းကို လိမ်လား မလိမ်လားဆိုတာကို ဘယ်လိုသိမှာလဲ"
ဝမ်ယန်သည် နောက်ဆုံးတွင်တော့ ဖြည်းဖြည်းချင်း ခေါင်းမော့လာပြီး ယဲ့ဖန်၏ နက်နဲသော မျက်လုံးကို စေ့စေ့ စိုက်ကြည့်သည်။
ဖန်သားပြင်တစ်ချပ်သာ ကာစီးထားသော်ငြား ယဲ့ဖန်သည် ရုတ်တရက် မိမိနှင့် ဝမ်ယန်သည် မိုင်ပေါင်းများစွာ ကွာဝေးသွားကြပြီဟု ခံစားနေရသည်။
ဝမ်ယန်သည် ခပ်တိုးတိုး စကားဆိုသည်။
"လူတစ်ယောက်ကို သဘောကျတာနဲ့ လူတစ်ယောက်ကို ကစားနေရတာကို သဘောကျတာက နည်းနည်းလေးမှ မတူဘူး"
