{Unicode}
"မင်းပြန်ပေးဆပ်ရမှာကကိုယ်ပဲ(နှစ်)"
ရန်ကျားလိက အတော်လေး မိုက်မဲခဲ့သည် ဆိုရမည်။
ရှောင်ရှ စိတ်ကျေနပ်စေမယ့် လက်ဆောင်တစ်ခုကို ရွေးချယ်ပေးဖို့အတွက် ကုန်တိုက်မှာ သုံးရက်လုံးလုံး လှည့်ပတ်နေခဲ့ပြီး ထောင်ပေါင်များစွာသော ရွေးချယ်စရာများထဲမှ သူသဘောကျလောက်မည့် လက်ဆောင်မျိုးကို မျက်လုံးများ ကျွတ်ကျမတတ်ကြည့်ပြီးမှ ရွေးချယ်လာခဲ့သည်။
ကိုယ့်အတွက်ကို ပစ္စည်းဝယ်ယူလျှင်ပင် ထိုမျှလောက်အထိ အသေးစိတ် ဂရုမစိုက်တတ်ကြောင်း ကျိန်ဆိုရဲသည်။
ရန်ကျားလိ၏ ပါးမို့များက သဘာဝမကျစွာ လှုပ်ရှားသွားပြီး အကဲစမ်းသလိုနှင့် မေးကြည့်သည်။
"ဒါမှမဟုတ် ကျွန်တော် လက်ဆောင်ကိုအသစ် ထပ်ရွေးလာလိုက်ရင်ရော?"
ယဲ့ထင်၏ မျက်လုံးမှ စူးရှသော အကြည့်များက ရေခဲချွန်များသဖွယ် ရန်ကျားလိကိုယ်ပေါ် ထိုးစိုက်ကုန်သည်။
ယဲ့ထင်က လက်ချောင်းများနှင့် စားပွဲပေါ်မှ လက်ဆောင်ထုပ်ကို ညွှန်ပြပြီး မပြင်းလွန်းသလို ပျော့လဲမပျော့သည့် လေသံနှင့်
"လက်ဆောင်က ပြန်ပြီးအစားထိုး ရွေးချယ်လိုက်လို့ ရရင်ရမယ်။ ဒါပေမဲ့ ငါ့ရဲ့ အလေးထားမှုနဲ့ ရှောင်ရှရဲ့ ပျော်ရွှင်မှုတွေကို မင်းကဘယ်လို အစားထိုးပြီး လျော်ပေးမှာလဲ? မင်းဘာသာမင်း ဘယ်သူလို့ ထင်နေတာလဲ?"
ရန်ကျားလိက ချက်ချင်းဆိုသလို နှုတ်ဆိတ်သွားသည်။
ထိုအချိန်မှာပဲ အိတ်ကပ်ထဲမှ ဖုန်းက ရုတ်တရက် တုန်ရီလာသည်။ ရန်ကျားလိက တစ်ဖက်ကိုလှည့်ပြီး ဖုန်းကိုကြည့်လိုက်တော့ ဆက်လာသူမှာ လီတာ့ဖြစ်သည်။
သူက ယဲ့ထင်ကို တစ်ချက်လောက် ချောင်းကြည့်လိုက်ပြီး ဖုန်းကိုတော့ ပြန်မဖြေပေ။ ထိုအစား နောက်မှဖုန်းပြန်ခေါ်ဖို့ လီတာ့ဆီ စာတိုတစ်စောင် ပို့လိုက်သည်။
ထိုတစ်လျှောက်လုံး ယဲ့ထင်က ရန်ကျားလိကိုသာ စိုက်ကြည့်နေသည်။ ဖုန်းကို ဘောင်းဘီအိတ်ကပ်ထဲ ပြန်ထည့်လိုက်တာကိုမြင်သည်နှင့် ယဲ့ထင်က ရုတ်တရက် စကားလမ်းကြောင်းကို လွှဲလိုက်ပြီး မေးသည်။
![](https://img.wattpad.com/cover/287016747-288-k570430.jpg)