{Unicode}
"သိုးမွှေးပွရုပ်ကြီး"
လဲ့လဲ့သည် ကျောက်ရှန့်ဟိုင်၏ ရင်ခွင်ထဲတွင် နစ်မြှုပ်နေပြီး ခေါင်းမော့ကာ ပြုံးလာသည်။
"သမီးက ဆီပြန် စားချင်တာ"
ကျောက်ရှန့်ဟိုင်သည် သူမ၏ နူးညံ့ညံ့ မျက်နှာလေးကို ပွတ်သပ်ကာ အတူတူ လိုက်ရယ်မိသည်။ မျက်လုံးထောင့်တွင် မသိသာသည့် လှိုင်းတွန့်သဏ္ဍာန် ဖြစ်သွားပြီး သူ၏ ရင့်ကျက်မှုနှင့် ကျက်သရေ ရှိမှုတို့ကို ပိုအသက်ဝင်လာစေကာ
"ကောင်းပြီ၊ ဒါဆိုလည်း ဆီပြန်ပေါ့။ ကားပေါ်တက်၊ အိမ်ပြန်ကြရအောင်"
ကျောက်ရှန့်ဟိုင်သည် လဲ့လဲ့ကို ခေါ်ကာ ကားမောင်းပြီး အိမ်ပြန်လာခဲ့သည်။
အိမ်ပြန်ရောက်သောအခါ မမျှော်လင့်ဘဲ ရှောက်ယယ်သည် ပုံမှန်နှင့် ဆန့်ကျင်စွာ လူလုံး ပျောက်မနေဘဲ အိမ်မှာ ရှိနေခဲ့သည်။
ကျောက်ရှန့်ဟိုင်သည် မျက်မှောင်ကြုတ်လိုက်ပြီး
"မင်းက ဘာလို့ ရှိနေတာလဲ"
ရှောက်ယယ်သည် လက်ထဲမှ ပစ္စည်းများကို ချထားလိုက်ပြီး အပေါ်အင်္ကျီကို ချွတ်ကာ ခံစားချက် ကင်းမဲ့စွာနှင့် ပြောလာသည်။
"အိမ်ပြန် အဝတ်စားလဲတာ၊ ညကျရင် စားပွဲရှိတယ်"
ကျောက်ရှန့်ဟိုင်သည် မျက်လုံးများကို ကျဥ်းမြောင်းလိုက်ပြီး တစ်စုံတစ်ခု ပြောချင်ခဲ့သော်လည်း အဆုံးမှာတော့ ဘာမှ မပြောဖြစ်လိုက်ပေ။
သူသည် မီးဖိုချောင်ထဲ ဝင်သွားပြီး လဲ့လဲ့အတွက် ပုစွန်ထုပ် ဆီပြန်ဟင်း ချက်ပေးနေသည်။
ဆီသတ်ပြီး မီးပိတ်ပြီးနောက် ကျောက်ရှန့်ဟိုင်သည် မွေးကြိုင်နေသော ပုစွန်ဟင်းကို ပန်းကန်ပြားထဲ ပြောင်းထည့်ကာ ထမင်းစားခန်းထဲ ယူဆောင်လာသည်။ ထိုအချိန်တွင် ရှောက်ယယ်ကလည်း အိပ်ခန်းထဲမှ ထွက်လာပြီး တစ်ဖက်က အပေါ်ဝတ်ကို ထပ်ဝတ်နေရင်း တစ်ဖက်က တံခါးဝဆီသို့ လျှောက်သွားနေသည်ကို တွေ့လိုက်ရသည်။ လဲ့လဲ့သည် ထမင်းစားပွဲ ဘေးတွင် ထိုင်နေပြီး နှုတ်ခမ်းသေးသေးလေးက စူထွက်နေပုံကို ကြည့်ရသည်မှာ မျှော်လင့်ချက်များ အနည်းငယ် ပျက်သုဥ်းသွားသလိုပင်။
