{Unicode}
"ငရဲလမ်းမှ လွတ်မြောက်ရာ နည်းမရှိ"
ယင်းအပြုအမူကြောင့် ဝမ်ယန်မှာ ကြိတိကြောင်တောင် ဖြစ်သွားရလေ၏။
အချိန်အတော်ကြာကာမှ အသိပြန်ကပ်သွားပြီး မယုံကြည်နိုင်သည့် ဟန်ပန်ဖြင့် အသံပြုလာသည်။
"ဥက္ကဌယဲ့..."
ယဲ့ထင်သည် ခပ်ရေးရေးမျှ ပြုံးနေပြီး
"ဘာဖြစ်လို့လဲ"
ဝမ်ယန်၏ နားရွက်များက နီရဲသွားပြီး ခေါင်းလေးငုံ့ကာ လှုပ်ရမ်းနေသည်။
ယဲ့ထင်သည် အပြင်ဘက်တွင် လွင့်ပျံနေသော နှင်းစိုင်ထုကြီးကို ကြည့်နေရင်းနှင့် လေသံမှာ ငြိမ်သက်နေလှပြီး
"အပြင်မှာ နှင်းတွေ အရမ်းကျနေတယ်။ အမြန် ဝင်သွားတော့၊ ဂရုစိုက်"
ဝမ်ယန်သည် တိုးလျစွာနှင့် အင်းဟု အသံပြုလာသည်။ မျက်လုံးများကို ပင့်လာသောအခါ မျက်ဝန်းအိမ်တွင် အတည်ပေလော၊ အယောင်ဆောင်ပဲပေလော မသဲကွဲနိုင်သည့် ရှက်ကိုးရှက်ကန်း အမူအရာတို့ ကိန်းအောင်းနေလေ၏။ သူသည် နှုတ်ခမ်းလွှာ နှစ်ဖက်ကို စေ့ပိတ်မိလိုက်ပြီး လိလိမ္မာမ္မာနှင့် နှုတ်ဆက်စကားဆိုကာ လှည့်ထွက်သွားချေတော့မည်။
ခြေလှမ်း လေးငါးလှမ်းပင် မလှမ်းရသေး၊ ရုတ်တရက် ပြန်လှည့်လာကာ လင်းလက် ပြိုးပြက်နေသော မျက်ဝန်းနက်ကြီးများဖြင့် စူးစမ်းသလိုလေး အမေးစကားဆိုလာသည်။
"ဥက္ကဌယဲ့၊ ဟို ကျွန်တော်..."
ယဲ့ထင်မှာ ကားမောင်းရန် အလျင်လိုခြင်း အလျဥ်းမရှိဘဲ လက်ချောင်းများက စတီယာရင်ပေါ်တွင်သာ ဖွဖွကလေး ထိသပ်နေပြီး စိတ်ရှည်စွာနှင့်
"ဘာဖြစ်လို့လဲ"
ဝမ်ယန်သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး
"ကျွန်တော် ခင်ဗျားရဲ့ Wechat ကို အပ်လို့ရလား"
ယဲ့ထင်က စကားမပြောလာဘဲ ဝမ်ယန်၏ မျက်နှာကိုသာ ကြည့်နေသည်မို့ ဝမ်ယန်၏ စိတ်ထဲတွင် မဝံ့မရဲ ဖြစ်လို့နေပြီး ယဲ့ထင်တစ်ယောက် စိတ်ဆိုးသွားမှာကို တွေးကြောက်နေသည့် အခိုက်အတန့်မှာပဲ ယဲ့ထင်က ရုတ်တရက် ခေါင်းညိတ်လာသည်။
