{Unicode}
"ကိုယ့်ကိုဖိအားတွေ မပေးနဲ့ကွာ"
ရန်ကျားလိမှာ အတော်လေးကို လိပ်ပြာမသန့် ဖြစ်နေရ၏။
သူ့ကြောင့်သာ မဟုတ်လျှင် ယဲ့ထင်သည်လည်း ဤမျှ ရူးသွပ်သွားပြီး မဲမဲမြင် ပြေးဆွဲချင်နေမှာ မဟုတ်ပေ။
သူသည် မတ်တတ်ရပ်လိုက်ပြီး တလေးတနက်နှင့် ခန္ဓာကိုယ်ကို ကိုင်းလိုက်ကာ
"ဟိုင်ကော၊ ကျွန်တော့်ကြောင့် ခင်ဗျားရဲ့ လုပ်ငန်းကိုပါ ဒီလိုတွေ ငြိစွန်းသွားစေမိတာ၊ တောင်းပန်ပါတယ်"
ကျောက်ရှန့်ဟိုင်က သူ့လက်ကို ခါယမ်းပြကာ ပြန်ထိုင်ခိုင်းလိုက်ပြီး
"အားလုံးက မင်းကြောင့်ချည်းပဲ မဟုတ်ပါဘူး။ ကိုယ်နဲ့ ယဲ့ထင်က အစကတည်းက အရမ်းကြီး အဆင်ပြေနေကြတာ မဟုတ်ဘူး။ မင်း မရှိရင်တောင် ကိုယ်နဲ့သူက တူညီတဲ့ ပရောဂျက်တစ်ခုကနေ အကျိုးအမြတ်တွေ ရဖို့အတွက် အချင်းချင်း တိုက်ပွဲဝင်နေရဦးမှာ၊ အဲ့ဒါကြောင့် မင်းလည်း စိတ်အေးအေးထားပါ"
သို့သော်လည်း ရန်ကျားလိသည် အပြစ်ရှိစိတ်ကို ကျော်လွှား၍ မရနိုင်သေးချေ။
ကျောက်ရှန့်ဟိုင်သည် လက်ဖက်ရည် တစ်ငုံသောက်လိုက်ပြီး အမူအရာမှာ တစ်စုံတစ်ခုအား တွေးတောနေသည့်နှယ် အာဒမ်ပန်းသီးက ခပ်ဖွဖွ လှုပ်ခတ်သွားလေ၏။
အတန်ကြာကာမှ လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး ခပ်တိုးတိုး မေးလာသည်။
"တကယ်လို့် မင်းကို နောက်ထပ် အခွင့်အရေး ပေးမယ်ဆို ထွက်ပြေးဦးမှာလား"
ရန်ကျားလိ၏ မျက်ဝန်းများက လင်းလက်သွားပြီး မဆိုင်းမတွ ခေါင်းညိတ်လာသည်။
ကျောက်ရှန့်ဟိုင်က ပြုံးသွားပြီး လက်ချောင်းများက စားပွဲခုံပေါ် ခပ်ဖြေးဖြေး ထောက်နေကာ
"အဖြေက တကယ်ကို တဲ့တိုးဆန်နေတုန်းပဲ။ တကယ်တော့ မင်းကိုယဲ့ထင် ဆက်ဆံတာက သိပ်မဆိုးဘူးလို့ ကိုယ်ကြားပါတယ်။ သူက မင်းရဲ့ ရောဂါကို ကုသပေးဖို့နဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို လမ်းညွှန်ပေးဖို့ ဗဟိုဆေးရုံက အငြိမ်းစား ကျွမ်းကျင်ပညာရှင်တွေကိုတောင် ပြန်ခေါ်ထားတာ၊ ဘာလို့၊ မင်းက သူ့ကိုဒီလောက်တောင် မုန်းနေရတာလဲ"
