(Unicode)
ရှန်းချွယ့် စကားအဆုံးမှာ အကုန်လုံးက အလုံးစုံ ဦးနှောက်စားကုန်ကြသည်။
ထို့နောက် တစ်ခဏမျှကြာသော် ချန်စစ်ကျဲက နှာမှုတ်ကာ အော်၏။
"ဒီ အရူးကို ဘယ်ကနေ ခေါ်လာကြတာလဲ!?"တောက်ဓမ္မဆရာငယ်လေးမှာလည်း ဒေါသတို့စွက်ကာ မျက်နှာကြီးတစ်ခုလုံး နီရဲနေခဲ့သည်။
ထိုသူက ချန်လူကြီးမင်းကို အပေါ်စီးက လေသံဖြင့်
"ဒကာကြီးချန် ကိုယ်တော်တို့ကို ဒါ ဘာအချိုးချိုးတာလဲ?"တောက်ဓမ္မဘုန်းတော်ကြီးမုမှာ ချန်လူကြီးမင်းကို လက်အုပ်ချီပြရင်းနဲ့
"ဒကာကြီးချန် ချင်းလျန်ဘုရားကျောင်းက တည်ထောင်ခဲ့တဲ့ နှစ်တွေကစပြီး နှစ်ပေါင်းမြောက်မြားစွာ ဒီအမွေအနှစ်တွေကို လက်ဆင့်ကမ်းခဲ့ကြပြီး မျိုးဆက်တစ်ဆက်ချင်းစီက ကျင့်သုံးလာခဲ့ကြတာပါ....
ဂါထာ မန်းမှုတ်တာဖြစ်ဖြစ် တစ္ဆေနှင်တဲ့ကိစ္စတွေမှာဆိုလည်း ကိုယ်တော်တို့ဖက်က နှစ်ခါပြန်မမေးရအောင် နာမည်တစ်လုံးနဲ့ နေခဲ့ကြတဲ့သူတွေချည်းပဲ။
ဒီတစ်ခေါက် ကိုယ်တော်တို့ဖက်က တိယန်ကနေ ဒီအထိ ကြွပေးခဲ့တယ်ဆိုတာလည်း ဒကာကြီးချန်တို့ရဲ့ စိတ်ရင်းမှန်ကို တွေ့ခဲ့ရလို့ပါ....
အခု ဒကာကြီးတို့ဖက်က ကိုယ်တော်တို့ကို မယုံစားဘူးဆိုရင်တော့ ချက်ချင်း ပြန်လိုက်ဖို့ပဲ ရှိတော့တယ်"ချန်စစ်ကျဲမှာ ထိုစကားကိုကြားသော် စိတ်မရှည်လက်မရှည် ဖြစ်လာခဲ့သည်။
သို့နှင့် အဖေဖြစ်သူကို ပြောလိုက်သည်။
"အဖေ ဘုန်းတော်ကြီးမုက တိယန်နယ်တစ်ဝိုက်မှာ ပညာအလင်းပွင့်တဲ့သူတစ်ယောက်အဖြစ် နာမည်ကြီးတဲ့သူပါ....ဘုန်းဘုန်းကို ပင့်ဖို့အတွက် လူတွေအများကြီးက တန်းစီပြီးစောင့်ရတာတောင် ပင့်ချင်မှ ပင့်လို့ရတာကို
အစ်မကို ဒီလို ၀င်ရှုပ်ခိုင်းလိုက်တော့မှာလား"ချန်ပါးပါးမှာ ရိုးရှင်းလှသည်။
သူ့ခမျာ စောနက ရှန်းချွယ့်ပြောလိုက်သည့် စကားရဲ့ အဓိပ္ပါယ်ကိုပင် လေးလုံးမကွဲရှာ။
သို့နှင့် ပျာပျာသလဲ တောင်းပန်ရှာ၏။
"ဘုန်းဘုန်းဘုရား...နားလည်မှုလွဲနေပါပြီ
တပည့်တော် မယုံဘူးလို့ မဆိုလိုပါဘူး"