-49- (ဖိုရမ်ပေါ်ရှိ နာမည်ကြီး ဒိန်ခဲတုံးကြီး သုံးတုံး)

2.7K 515 5
                                    

(Unicode)
တွေ့ဆုံပွဲခန်းမအတွင်းရှိ စပီကာမှ လွင့်ပျံလာသော ကြေညာသံက ဟောခန်းအတွင်းရှိ တက်ရောက်သူများအား အခမ်းအနားစတင်တော့မည် ဖြစ်ကြောင်းနှင့် ကြွရောက်လာကြသူများအနေဖြင့် သက်ဆိုင်ရာနေရာ၌ နေရာယူပေးပါရန် အသိပေးပြောကြားလာခဲ့သည်။

ထန်မင်က ယွိကျန်းတုအား ကြည့်လိုက်ပြီးနောက် ဆက်လက်စကားဆက်ချင်နေသေးသည့်ပုံပေါ်သော်လည်း ဘာမှလည်း ဆက်မပြောနိုင်တော့သည့်အလား နေရာမှ ဆောင့်ကြီးအောင့်ကြီး ထွက်ခွာသွားခဲ့တော့သည်။

တဖြည်းဖြည်းနှင့် ဝေးကွာသွားသော ခန္ဓာကိုယ်တစ်ခုအား ယွိကျန်းတုတစ်ယောက် အနောက်မှ ကြည့်ရင်း သူကိုယ်တိုင်ပဲ အမြင်မှား၍လားတော့မသိ ၊ ထွက်သွားသော သူ၏ ခေါင်းပေါ်မှ ဆံပင်အထူမှာ မူလက ပါးနေသည်ထက်တောင် ပို၍ ပါးသွားသကဲ့သို့ ခံစားလိုက်ရသည်။

ယွိကျန်းတု နေရာ၌ ခန္ဓာကိုယ်အား သက်တောင့်သက်သာ အနေအထားဖြင့် ထိုင်နေလိုက်ရင်း ပွဲစီစဉ်သူများဖက်က လက်ကမ်းစာစောင်အဖြစ် ဝေထားသော ဆွေးနွေးပွဲအခမ်းအနားအစီအစဉ်စာရွက်မှ ပါ၀င်မည့်အစီအစဉ်များကို အကြမ်းဖျင်းစစ်ကြည့်လိုက်မိသည်။
ယနေ့ ဆွေးနွေးပွဲက ခေါင်းစဉ်တော်တော်များများအား စုံလည်းစုံလင်စွာ ဖွယ်လည်း ဖွယ်ရာစွာ တင်ဆက်သွားမည်ကို လာတွေ့ရသောကြောင့် သူ မချီးကျူးဘဲ မနေနိုင်တော့ချေ။

အထူးသဖြင့် ကျောက်ရှန်းလန်နှင့် ကျောက်ရော့လားတို့ကဲ့သို့ လူလုံးသိပ်ထွက်ပြလေ့မရှိသည့် နာမည်ကြီးပုဂ္ဂိုလ်များ ပါ၀င်မည်ဆိုကတည်းက ပွဲမှာ အတော်လေး တက်ရကျိုးနပ်နေလေပြီ။

ဆွေးနွေးမည့် အကြောင်းအရာခေါင်းစဉ်များမှာလည်း ဆန်းသစ်လှ၏။ အကြမ်းဖျင်းရေးပြထားသည်ကို ကြည့်ရုံနှင့်ပင် စိတ်၀င်စားဖွယ် content ပေါင်းများစွာကို ထည့်ထားကြောင်း သိနိုင်ပေသည်။
ထို့အပြင် ဆွေးနွေးပွဲ အထမြောက်ရေးအတွက် ဦးဆောင်ဟောပြောမည့်သူတိုင်း၏ မိန့်ခွန်းစကားအဆုံးမှာ အမေးအဖြေကဏ္ဍ ဆယ့်ငါးမိနစ်ခန့်ပါ၀င်ပေသည်။
ဒီအချက်ကပဲ ယွိကျန်းတုအား ယခု ဆွေးနွေးပွဲကို စောင့်စားသွားစေခဲ့မိတာပင်။

ခေတ်သစ် ငရဲသစ်//MM Translation//Where stories live. Discover now