(Unicode)
အောင်ပွဲခံစားသောက်ဝိုင်းကြီးသည်ကား အော်ပရာပြဇာတ်ရုံနှင့် မဝေးမလှမ်းသည့်နေရာရှိ နာမည်ကြီး ဟိုတယ်တစ်ခုတွင် ပြုလုပ်ကျင်းပသွားမည်ဖြစ်လေသည်။Sagittarius band ၏ ပထမဆုံး ဖျော်ဖြေပွဲ ဖြစ်သည့် အလျောက် စီမံရေးရာကုမ္ပဏီမှာ ပိုပြီး သတိကြီးကြီး ထားရ၏။ အချိန်ဇယား စီစဉ်ထားခြင်းကအစ ချောချောမွေ့မွေ့ဖြစ်စွာ...
အင်တာဗျူး ဆုံးသွားသည့်အချိန်ကလည်း ထိုမျှလောက် နောက်ကျလွန်းနေသည့် အချိန် မဟုတ်ခဲ့။လုံခြုံရေးအစောင့်ဝန်ထမ်းများ၏ ကာကွယ်ပေးမှုအောက်မှာ အဖွဲ့သားများအားလုံး ဟိုတယ်ရှိရာသို့ ဦးတည်ထွက်လာခဲ့လိုက်ကြလေသည်။ ကိန္နရာများမှာ ယွိကျန်းတုနှင့် ရှန်းချွယ့်တို့အနေနဲ့ မိမိတို့ ဖျော်ဖြေပွဲအား တကူးတက လာ တက်ရောက်ပေးကြမှာမဟုတ်ဘူးလို့ တွေးထင်ထားမိတာကြောင့် တကယ်လည်း ကိုယ်တိုင်ကိုယ်ကျ ရောက်လာကြသည်ကို မြင်ရသော် စိတ်လှုပ်ရှားလွန်းကြီးကာ ၎င်းတို့၏ သူဌေးဖြစ်သူအား ဖျော်ဖြေပွဲ ကြည့်လိုက်ရသည့် အတွေ့အကြုံများအကြောင်း ကပ်တိုးလေး လာရောက်မေးမြန်းကြည့်ကြတော့သည်။
ရှန်းချွယ့်မှာ စိတ်ထဲ တစ်စုံတစ်ရာ တွေးမြင်မိတာမျိုး မရှိထား။ ယောက္ခမကြီးနှင့် ယောက္ခထီးကြီးတို့ နှစ်ယောက်သား ကြိုက်သည် ဆိုရုံလောက်နှင့်တင် သူ့အဖို့က လုံလောက်သည်ထက် ပိုနေခဲ့လေပြီ။
ယွိကျန််းတုမှာမူ ကိုယ်စားလှယ်တစ်ယောက်ပီပီ အားပေးစကားရော ဝေဖန်ထောက်ပြချက်တို့ပါပေးဖို့ရန်် မမေ့လျော့ခဲ့။
"ဖျော်ဖြေပွဲက အရမ်းမိုက်တယ်....ကျွန်တော့်မိဘတွေက ခင်ဗျားတို့ကို တအား သဘောကျနေတာလေ"
ယွိမားမားနှင့် ပါးပါးတို့မှာ ဘေးနားလေး၌ ကုပ်ချောင်းချောင်းဖြင့် ရှက်ရွံနေခဲ့ကြလေသည်။
"အန်တီတို့ မင်းတို့နဲ့ ဓာတ်ပုံတွဲရိုက်ပြီး Wechat moment ထဲမှာ တင်လို့ရလားဟင်??'
ကိန္နရာများမှာ မိမိတို့ကုမ္ပဏီပိုင်ရှင်သူဌေး၏ ရည်းစားကောင်လေး ဖြစ်သူရဲ့ မိဘနှစ်ပါးက ၎င်းတို့၏ အမာခံပရိသတ်များ ဖြစ်နေခဲ့ကြလိမ့်မယ်လို့ မထင်ထားခဲ့ကြ။ သို့နှင့် လိုက်လိုက်လျောလျောဖြင့် ခေါင်းညိတ်ခံ ဓာတ်ပုံတွဲရိုက််ပေးကြချေသည်။