(Unicode)
ရှန်းချွယ့်၏ စကားကြောင့် ဧည့်ခံပွဲသို့ ရောက်လာကြသူတိုင်း အိုးတိုးအန်းတန်းဖြစ်ကာ ငြိမ်ကျသွားရရှာသည်။အစကတည်းက သူ ဒီ သီးသန့်ခန်းထဲ ၀င်လာသည့်အချိန်မှ စလို့ စားသောက်ဝိုင်းတွင် ထိုင်နေကြသူများမှာ ၎င်းတို့၏ စကားစကိုပင် အပြီးမသတ်နိုင်ဘဲ တိတ်တခိုးရော သိသိသာသာပါ စောင်းငဲ့ကြည့်နေခြင်းကို ခံခဲ့ရသည်။ ယခုမူ တစ်ခန်းလုံးကား ငြိမ်သက်ဖွယ်အတိ။
ရှန်းချွယ့်ဖက်ကလည်း စိတ်အလိုအလျောက် သေရင်မြေကြီး ရှင်ရင်ရွှေထီးစိတ်ဓာတ်ဖြင့် ပြောချလိုက်ခြင်းပင်။ အသံသည်လည်း အတော်လေး အားပါကာ ကျယ်လောင်သွားခဲ့၏။ တစ်ယောက်ချင်းစီ၏ နားစည်နား ကပ်မပြောလိုက်ရုံတမယ်။
အချို့ဆိုလျှင် ရှန်းချွယ့်၏ အသံကြီးက နားထဲမှ တော်တော်နဲ့ ပြန်မထွက်သွားပါဘဲ ပဲ့တင်သံ ထပ်နေခဲ့လေသည်။
'ငါကိုက သူ့ရဲ့ တစ်ယောက်သောသူလေး ဖြစ်ချင်နေလို့ကွာ! မရဘူးလား?'
အကုန်လုံး နေရာမှာ မလှုပ်မယှက်။
ယွိကျန်းတုသည်ပင်လျှင် အံအားသင့်သွားခဲ့ရချေသည်။
အချိန်ဘယ်လောက်ကြာမြင့်သွားသည်လဲတော့ မသိရ...ပထမဆုံး အသိပြန်ကပ်သွားသည့် ကျူးယန်မှာ ထစ်ထစ် အအ ဖြင့် ဆိုလာခဲ့သည်။
"ရတာပေါ့..ရပါတယ်ဗျာ အဆင်ပြေပါတယ်"အခြားသော အတန်းဖော်များမှာလည်း ထိုအခါမှ စိတ်လွင့်သွားမှုတို့ ပျောက်ကွယ်သွားကုန်သည်။ အတန်းဖော်တစ်ယောက်ကဆိုလျှင် ယောင်ယမ်းစွာဖြင့် လက်ခုပ်ဩဘာတွေပါ ထ တီးတော့မလို လုပ်မိပြီးကာမှ အရိပ်အကဲခတ်မြန်သော နောက်ထပ် အတန်းဖော်တစ်ယောက်၏ တားမြစ်ခြင်းကို ခံခဲ့လိုက်ရသည်။
အတန်းဖော်တွေအတွက်ဆို အမြဲ ကရုဏာသက်လျက်ရှိသည့် ကျန်းချင်းချင်းမှာလည်း မျက်နှာရိပ်မျက်နှာကဲများဖြင့် အချက်တွေပြနေရ၏။
"စိတ်ငြိမ်ငြိမ်ထားကြ! တည်တည်ငြိမ်ငြိမ်နေကြ!"အတန်းဖော်အချို့မှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကြပြီး အကြည့်ချင်း ဖလှယ်သူက ဖလှယ်နှင့်။