(Unicode)
ယွိကျန်းတု တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ရှန်းချွယ့်အား စိုက်ကြည့်နေမိလိုက်သည်။ ထို့နောက်မှာ သူ မခံမရပ်နိုင်ဖြစ်စွာဖြင့် အော်ရယ်မိ၏။ တကယ့်တကယ်တွင်မူ သူ့အနေနဲ့လည်း ဘယ်လို တုံ့ပြန်ပေးရမလဲ မသိသောကြောင့်တည်း။
ရှန်းချွယ့်က ဘေးဖက်သို့မျက်နှာလှည့်ထား၍ သူ၏ မေးစေ့ကို အပေါ်သို့ မော့ထားတာကြောင့် မျက်နှာမှာ အိန္ဒြေကြီးမှုနဲ့ ဂုဏ်မောက်နေမှုတို့က ထင်ရှားနေလှသည်။
သူ ခဏလောက် စောင့်နေပေးသည့်တိုင်အောင် ယွိကျန်းတုဖက်က ငြိမ်သက်လို့နေသည်။ ထို့ကြောင့် မျက်နှာကို ဘေးဖက်လှည့်ထားရင်းက မျက်လုံးကိုထောင့်ကပ်၍ အကဲခတ်ကြည့်လိုက်သေးသည်။
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ယွိကျန်းတုသည်လည်း ရှန်းချွယ့်အား ကြည့်နေခဲ့ခြင်းမို့ နှစ်ယောက်သား အကြည့်ချင်းဆုံသွားရပြီး ယွိကျန်းတုဖက်ကပဲ အရင် အကြည့်တို့အား ငြင်သာလိုက်ရသည်။
"သူဌေး...ကျွန်တော်ပြောမယ့်ဟာလေး နားထောင်ပေးပါဦး"
"မထောင်ဘူး"
ရှန်းချွယ့်က အရင်ဆုံး လက်ဦးမှု ရယူလာသည်။ ယုံကြည်ချက်အပြည့်ဖြင့် သူက ကြိုပြောလာ၏။
"အထင်လွဲနေခဲ့တာက မင်းပဲ..အစကတည်းက ငါ့ဖက်ကလည်း သဘောတူပေးမယ်လို့ အာမခံထားခဲ့တာ မရှိဘူး"
သူသည် ထိုစကားများကို အတတ်နိုင်ဆုံး မျက်နှာမှာ ဘာခံစားချက်မှ မဖော်ပြမိဘဲ ပြောလိုက်တာ ဖြစ်သော်ငြား သူ့လက်တွေကမူ ကွန်ပျူတာက မောက်စ်ခလုတ်ကို တင်းကြပ်စွာ ကိုင်ထားမိလို့ လက်ဆစ်တွေပင် ဖြူဖျော့သယောင်ယောင် ဖြစ်လာနေခဲ့သည်။
ယွိကျန်းတုမှာ တစ်ခွန်းမှတောင် မဟ လိုက်နိုင်ခင် ပိတ်ပြောတာကို ခံလိုက်ရ၏။ သူ့မျက်လုံးများမှာ အရောင်လဲ့နေလျက်ဖြင့် ရှန်းချွယ့်ထံသို့ တငေးတမော ကြည့်မိသွားသည်။
တစ်ခဏအကြာမှာတော့ သူလည်း လေးပင်စွာ သက်ပြင်းချလိုက်၏။
"လက်ခံဖို့ စိတ်ကူးမရှိခဲ့ဘူးဆိုတာ ၁၀၀ ရာခိုင်နှုန်း သေချာတယ်ပေါ့?"