(Unicode)
ပိတ်ရက်ရောက်သည့်အခါ ယွိကျန်းတုနှင့် ရှန်းချွယ့်တို့နှစ်ယောက်တည်း သီးသန့် ရုပ်ရှင် ပြန်သွားကြည့်ဖြစ်ခဲ့ကြသည်။ ဒီတစ်ကြိမ်တွင်တော့ အနှောင့်အယှက် ပြုမည့် တစ္ဆေတွေရော လူတေွနဲ့ပါ မကြုံကြိုက်ဖြစ်လိုက်။
ရုပ်ရှင် ပြနေစဥ်တွင် ရှန်းချွယ့်ကား ယွိကျန်းတု၏ လက်ကိုပင် ကိုင်လိုက်သေး၏။ အကြောင်းပြချက်ကိုမူ အောက်ပါအတိုင်း ပေးလာခဲ့သည်။
“ဒီဆက်ဆံရေးမှာ မင်းဖက်ကချည်းပဲ စပြီး ခြေလှမ်း လှမ်းနေရတဲ့သူ မဖြစ်စေချင်လို့” ဟူ၍။
ရုံထဲမှ ထွက်လာသည့် အခါတွင်မူ ရှန်းချွယ့်မှာ စိတ်ရွှင်လန်းနေပုံ ပေါ်နေခဲ့သည်။ သူက ရက်ရက်ရောရောဖြင့်ပင် ချီးကျူးလာလိုက်သေး၏။
“ဇာတ်ကားက သိပ်မဆိုးဘူးပဲ”
”တော်တော်လေး ကြည့်လို့ ကောင်းတယ်နော်”
ယွိကျန်းတုလည်း ခေါင်းတညိတ်ညိတ််ဖြင့် ထောက်ခံလိုက်လေသည်။
“ဒါပေမဲ့ အလယ်နားလောက်မှာ ဇာတ်ဆောင်မင်းသားက တစ်ခြားတစ်ယောက်ကို ကယ်ဖို့ အရေး သူတစ်ယောက်တည်း ကြိုးစားနေရတာ ကြည့်ရတာ စိတ်မောရတယ်…အဲ့လို တစ်ကိုယ်ကောင်းဆန်တဲ့ စရိုက်မျိုးတွေ မြင်ရရင် ဘာလို့မှန်း မသိ တစ်ယောက်ယောက်ကို ပစ်ရိုက်ချင်လာတာ”
“ဟင်”
ရှန်းချွယ့်က ပျာပျာသလဲဖြင့် ပြန်မေးလာခဲ့သည်။
“ဇာတ်လမ်းထဲမှာ အဲ့လို အခန်း ပါလိုက်သေးတယ်လား”“ပါတယ်လေ”
ယွိကျန်းတုမှာ ပြန်တောင် မဖြေပေးချင်တော့လောက်အောင် ငြိမ်ကျသွားခဲ့ရသည်။
“သူ အဲ့လို လုပ်လို့ ဇာတ်ဆောင်မင်းသမီးခမျာ အဖမ်းခံလိုက်ရသေးတာလေ…”
ရှန်းချွယ့်က ဇာတ်ကြောင်းအကြောင်းကို ပြန်မစဥ်းစားကြည့်ေသးဘဲ ယွိကျန်းတု အလစ်အငိုက်မှာ လက်ကိုဖမ်းဆွဲကိုင်လာပြန်၏။
“မမှတ်မိတော့ဘူး”
ယွိကျန်းတုလည်း ပြောစရာစကား ပျောက်ရှစွာဖြင့် ရှန်းချွယ့်အား စူးစိုက်ကြည့်လိုက်၏။
“အဲ့တာဆို စောနက ဇာတ်ကားကို သိပ်မဆိုးဘူးလို့ပြောတာက ဘာကို ပြောချင်တာလဲ”