(Unicode)
အဖွဲ့အုပ်စုသည်ကား ခက်ခက်ခဲခဲ ကြိုးစားပြီးနောက်မှာမှ မြေပြိုထားသော အပိုင်းကြီးကို ကျော်ဖြတ်နိုင်ခဲ့ပြီး တောင်ထိပ်မှာရှိသည့် အပန်းဖြေစခန်းသို့ ရောက်ရှိနိုင်ခဲ့သည်။စစ်ရိုးမတောင်တန်းအပန်းဖြေစခန်းမှာ တောင်ထိပ်နှင့်နီးစပ်ရာ တောင်စောင်းပြေပြေလေးပေါ်တွင် တည်ရှိနေခြင်းဖြစ်၏။
အထက်တန်းဆန်ဆန် concept ပေါ်မူတည်ပြီး ဆောက်လုပ်ထားခြင်းကြောင့် အပန်းဖြေစခန်းထဲတွင် ဗီလာများ ပန်းခြံများ ရေကူးကန်များ အစရှိသည်တို့ပါ၀င်ကြပေသည်။
ပြီးခဲ့သော ရက်က မိုးသည်းထန်စွာ ရွာသွန်းထားမှုကြောင့်နှင့် အပန်းဖြေစခန်းမှာ အထောက်အပံ့ ပစ္စည်းပစ္စယအစုံ မိုးနှင့် ရောပါကုန်၍ ယခုမူ အပန်းဖြေစခန်းတွင် လျှပ်စစ်မီး မရချေ။ တောင်ထိပ်တစ်ပြင်လုံးသည်ကား ပိန်းပိန်းအောင် မှောင်နေလျက်။
အရေးပေါ် မီးအိမ် တစ်လုံးပဲ ဗီလာအပေါက်၀မှာ ချိတ်ဆွဲထားသောကြောင့် ထိုမီးအိမ်မှ ဖြန့်ကျတ်ပေးသည့် အလင်းရောင်သာ ရှိနေခဲ့သည်။
ညအခါ လေတဖြူးဖြူး၌ ထိုမီးအိမ်သည်လည်း ဟိုယိမ်းဒီယိုင်။မင်ဖေးရန်က ၎င်း၏ ဓာတ်မီးဖြင့် ထိုးကြည့်ပြီးနောက် ပြောလာခဲ့သည်။
"ဘာသာရေးကိုယ်တော်တွေ...တစ်ခုခု သတိထားမိတာများ ရှိကြလား?"ဘာသာရေးကိုယ်တော်များမှာ ကိုယ်စီကိုယ်စီ မှော်၀င်ပစ္စည်းများ ၊ သံလိုက်အိမ်မြှောင်များ ကိုင်ဆောင်ထားကြလျက်။
လမ်းတစ်လျှောက် သက်သေတစ်စုံတစ်ရာ ရှာတွေ့ဖို့ ကြိုးပမ်းနေခဲ့ကြသည်။
သို့သော် ဘယ်သူမှ ဘာဆိုဘာမှ ရှာမတွေ့နိုင်ခဲ့ကြချေ။ယခုမူ ခရီးဆုံးရောက်သည့်အခါ ၎င်းတို့ကို ဦးဆောင်ခေါ်သွားပေးမည့် ခြေစလက်နဆိုတာမျိုး ဘာဆိုဘာမှ မကျန်ရှိ။
ခေါင်းတယမ်းယမ်းဖြင့် မင်ဖေးရန်အား မျက်နှာများ သုန်မှုန်လျက် တုံ့ပြန်လာကြတော့သည်။မင်ဖေးရန်လည်း ဇဝေဇဝါဖြစ်နေသည့် မျက်နှာထားဖြင့်။
"မဟုတ်မှလွဲ မိုးခေါင်ရေရှားမိစ္ဆာက စစ်ရိုးမတောင်တန်းကနေများ ထွက်သွားပြီလား?"