(Unicode)
ခန်ကျင့် 'နားထောင်လာခဲ့သည်'ဆိုသော သတင်းအချက်အလက်များအရ မြေအောက်လမ်းကြောသစ်ဖောက်လုပ်မည့် အစီစဉ်အား တရားဝင် ကြေညာဖို့ လအနည်းငယ်သာ ကျန်ရှိတော့ကြောင်း သိရပေသည်။ စီမံထိန်းသိမ်းရေး ဌာနက ထိုသတင်းကို ဦးစွာပထမဆုံး ရရှိမည် ဖြစ်သော်ငြား ဒီကြားကာလ ကျန်ရှိသည့် အချိန်လောက်လေးနှင့် လော့ဖုန်းဖို့ ကိစ္စများကို အကောင်အထည် ဖော်ဖို့ရန် လုံလောက်ပေသည်။
ရှည်ရှည်ဝေးဝေး ငှါးယမ်းမနေတော့ဘဲ တိုက်ရိုက် ဝယ်ယူမည့်အကြောင်း အတည်ပြုလိုက်ပြီးနောက်တွင် ရှန်းချွယ့်သည်ကား ကုမ္ပဏီရှိ ကြီးကြပ်ရေးရာ ဝန်ထမ်းများ အားလုံးအား အစည်းအဝေးတစ်ခု ခေါ်ယူလိုက်၍ထိုဆုံးဖြတ်ချက််အကြောင်း ကြေညာခဲ့လိုက်လေသည်။
ကြီးကြပ်ရေးရာ ဝန်ထမ်းများမှာ ၎င်းတို့၏ သူဌေးဖြစ်သူ၏ ဆုံးဖြတ်ချက်အကြောင်း ကြားသိရချိန် အံ့အားသင့်သွားရတော့၏။ အကျိုးအကြောင်းသင့် ပြောရပါလျှင် ကြီးကြပ်ရေးရာဌာနပိုင်းမှ ဝန်ထမ်းတော်တော်များမှာ ကုမ္ပဏီ ဘုစုခရု ဘဝလေးကတည်းက ရှိနေခဲ့ကြသူတွေ များပြားလှသည်။
၎င်းတို့၏ မှတ်ဥာဏ်များထဲ၌ ကုမ္ပဏီမှာ မည်သို့ မည်ပုံချွတ်ခြုံမွဲပြာကျနေခဲ့ပုံအား ထင်ထင်ရှားရှား မှတ်မိနေကြဆဲ။ ပြီးခဲ့သည့် နှစ်အတွင်း ကုမ္ပဏီအနေနဲ့ အမြတ်ဝင်ငွေ အမြောက်အမြား တိုးပွါးလာအောင် စွမ်းဆောင်နိုင်ခဲ့ကြကြောင်း သိထားပြီးသော်ငြား ထိုအချိန်ခဏလေးနဲ့ ၎င်းတို့မှာ ဆင်းရဲတွင်းမှရုန်းထွက်နိုင်ကာစ အခြေအနေလေးတွင်သာ ရှိနေသေးတုန်းပင်။
ထို့အတွက် ဤမျှလောက် ငွေအလုံးအရင်း သုံးချလိုက်ဖို့ကို မဝံ့မရဲ ဖြစ်နေခဲ့ကြသည်။ဒီနေ့ဒီချိန်ထိ ကြီးကြပ်ရေးရာဝန်ထမ်းအချို့မှာ သစ်သီးစျေးတန်းမှာ စျေးဝယ်ရင်တောင် 'တစ်လုံးလေးရာ တစ်ထောင်ဖိုး သုံးလုံးထားလိုက်'ဟူ၍ စျေးဆစ်နေကြဆဲ။
ကုမ္ပဏီကို နှောင်းပိုင်းမှ ဝင်ရောက်လာကြသူများအဖို့ ထိုမျှလောက် ကြပ်တည်းခဲ့ဖူးသည့် ကာလကို မကြုံဖူးလိုက်ကြသည့်သူများလည်း ရှိကြပေသည်။ ထိုသူများအဖို့လည်း ငွေကို ရေလိုဖြုန်းရဲသည့် ဇ မရှိထားကြ။