(Unicode)
ယွိကျန်းတုလည်း အချိန်ကို တွက်ကြည့်လိုက်ပြီးနောက် ထပ်ပြီး အချိန်ဆွဲနေလို့ မရတော့ကြောင်း အသိကပ်သွားမိသည်။
၂၄ နာရီ ကျော်သွားခဲ့လျှင် သူ့အတွက် ပြန်လမ်းဆိုတာတောင် ရှိနိုင်ပါတော့မလား မသေချာ။
သို့နှင့် တစ္ဆေမိခင် စိတ်ကောင်း၀င်နေပုံပေါ်သော ယခုအချိန်မှာပဲ သူ ဆက် မေးကြည့်လိုက်ရသည်။
"ဒါနဲ့ ဒီ လမ်းကြောင်းပေါ်ကနေ ပြန်ထွက်ချင်ရင် ကျွန်တော့်ဖက်က ဘာလုပ်ဖို့လိုမလဲဆိုတာရော သိလားဟင်?"
တစ္ဆေမိခင်က ယွိကျန်းတုအား ကြည့်၍ ရုတ်တရက် ထရယ်လေသည်။
"မင်းက ပြန်ဖို့ကို အခုထိ စဉ်းစားနေသေးတုန်းလား""စဉ်းစားလို့ မရဘူးလား?"
တစ္ဆေမိခင်က သူမလက်ထဲက ဖုန်းကို လှည့်လိုက်၏။
"ဒါကို ဖုန်းလို့ ခေါ်တာ မလား? အခုကစပြီး ဒါ ငါ့ အပိုင် ဖြစ်သွားပြီနော်"
ယွိကျန်းတု :"..........."
တစ္ဆေတွေက သူတို့ကိုယ်တိုင်တောင် မတရားခံနေရတဲ့ကြားထဲ အခြားသူတွေအပေါ် ညွန့်စီး နေချင်ကြသေးတာနော်....
သို့ရာတွင် အခုချိန်မှာ သူ့အတွက် တစ်ပန်း ရှုံးနေသေး၍ လိုက်လျောပေးလိုက်ရလေသည်။
"........ရတယ်"တစ္ဆေမိခင်က ပျော်ရွှင်သွားပြီးနောက် ယွိကျန်းတုအား အတင်းအကြပ် သူ့ဟင်းတွေ စားခိုင်းတာမျိုးလည်း မလုပ်တော့ချေ။
သူမက ၀မ်းသာအားရဖြစ်နေလျက်။
"ဒီထဲက ဟင်းချက်နည်းတွေနဲ့သာဆို ငါ့ရဲ့ ဆာလောင်မွတ်သိပ် တစ္ဆေကလေးတွေကို စားချင်စိတ် ပေါ်လာအောင် မချက်ပေးနိုင်ဘူးဆိုတာမျိုး ဖြစ်တော့မှာ မဟုတ်ဘူး"ယွိကျန်းတုလည်း ခိုးပြီး သက်ပြင်းချမိသွားခဲ့သည်။
ဘယ်လောက်ပဲ ဆာလောင်မွတ်သိပ် တစ္ဆေလမ်းကြောင်းမှာ ဖြစ်နေပါစေ မိခင်တစ်ယောက်ကတော့ သူ့ သားသမီးတွေပဲ သူ့စိတ်ထဲ ရှိရှာတာပဲ.....
"မင်းက သဘောကောင်းလို့ ငါ မင်းကို အမှန်အတိုင်း ပြောပြမယ်"....