နောက်တစ်ရက်
ယွိကျန်းတု အိမ်တွင်ဖြစ်သည်။"ငါ့ကို ဘာကိစ္စရှိလို့ ခေါ်တာလဲ?"
ယွိမန်ကျန်းမှာ မျက်စိရှေ့ရှိ လူအုပ်ကြီးထံ ထိုကဲ့သို့ ဆိုလိုက်သည်။
သူ့မျက်နှာပေါ်က အမူအရာသည်ကား ရွှင်လန်းခြင်းများ ရှိမနေ။ယမန်နေ့ညက ယွိကျန်းတုရဲ့အဖေက သူ့ကို ဒီနေ့ လာခဲ့ဖို့ ခေါ်ထားတာဖြစ်၏။
ယွိမန်ကျန်းမှာ ယွိကျန်းတုအဖေ နှင့် သူ့မိသားစုကို အရင်ကတည်းက သဘောကျတာမဟုတ်။
အထူးသဖြင့် ယင်းမိသားစု ဘယ်လောက်ဆင်းရဲကြောင်း အမြဲလိုလို နှာခေါင်းရှုံ့နေတတ်သူ ဖြစ်သည်။
သူ့အနေနဲ့ ယွိအိမ်ကို မလာတာလည်း နှစ်နဲ့ ချီနေပြီ ဖြစ်သော်ငြား
နတ်ဘုရားသုံးသွယ် ဖြစ်ပျက်သွားတဲ့ကိစ္စမှာ ယွိကျန်းတုက သူအလုပ်လုပ်တဲ့ကုမ္ပဏီနဲ့ စပ်လျဉ်းပြီး ဖြေရှင်းသွားခဲ့တာမို့ သူ့အနေနဲ့ အနည်းနဲ့အများတော့ ထိတ်လန့်နေခဲ့မိသည်။သို့နှင့် အိမ်ကို ဖိတ်သည့်ကိစ္စကို လွယ်လွယ်နဲ့ ခေါင်းငြိမ့်ခဲ့မိတာပင်။
သို့သော် သူရောက်လာချိန်တွင် ယွိအကြီးအကဲနှင့် တောက်ဓမ္မကိုယ်တော်ခိုတို့ပါ ရှိနေလိမ့်မယ်လို့ ထင်မထားခဲ့ချေ။
ယွိမန်ကျန်းမှာ နှလုံးအိမ်၌ သံသယစိတ်လေး နည်းနည်းစွဲကပ်သွားသလို ခံစားလိုက်ရသော်လည်း မသိခြင်ထောင်ထောင်ကာ ပုံမှန်လို ဟန်ဆောင်နေလိုက်သည်။
ယွိပါးပါးက လက်ပြလိုက်၏။
"ထိုင်ပြီး ပြောကြရအောင်ပါ"၎င်းတို့ လက်ဖက်ရည်ဝိုင်းတွင် ပတ်ထိုင်လိုက်ကြသည်။
ယွိမားမားက လတ်လတ်ဆတ်ဆတ် ဖျော်ထားတဲ့ လက်ဖက်ရည်တို့ကို လာချပေးကာ အပြုံးတစ်ပွင့်ဖြင့်...
"အရင်ဆုံး လက်ဖက်ရည်လေး သုံးဆောင်ပါဦး"ယွိမန်ကျန်းမှာ လာချပေးတဲ့ လက်ဖက်ရည်ခွက်ကို ကောက်ယူလိုက်ပြီး ရုတ်ချည်း ထရယ်တော့၏။
သူက ယွိပါးပါးကို သရော်သလို အကြည့်မျိုးဖြင့်ကြည့်ကာ...
"ယွိချွမ်..ဘာလဲ
ငါ့အိမ်က ယုန်မွှေးခွက်တွေကို မြင်ပြီးသွားတဲ့အခါကျတော့ ကိုယ်တိုင်ပါ တစ်စုံလောက် ၀ယ်ထားချင်စိတ် ပေါက်သွားတာလား?"