(Unicode)
တောက်ဓမ္မဘုန်းတော်ကြီး မု၏ ရှင်းပြချက်ကို နားဆင်ကြည့်ပြီးသည့်နောက် ယွိကျန်းတုအနေဖြင့် သူတို့နိုင်ငံမှာလည်း ယခုလို ထူးခြားဖြစ်စဉ်တွေကို တစ်သီးတစ်သန့် တာဝန်ယူ ဆောင်ရွက်ရသည့် အထူးဌာန တစ်ရပ် ရှိနေခဲ့ကြောင်း သိရှိသွားရတော့သည်။
သူ အတိတ်တုန်းကတော့ အကြမ်းဖျင်း ခန့်မှန်းကြည့်ထားဖူးပါ၏။ သူ လော့ဖုန်းမှာ အလုပ်စဝင်တဲ့အချိန်ကစလို့ သူ့အနေနဲ့လည်း -သာမန်မျှလောက် မဟုတ်- ဆိုသည့် အဖြစ်အပျက်များနှင့် အတော်လေး ရင်ဆိုင်ကြုံတွေ့ခဲ့ရဖူးသည်။ သို့ထိတိုင်အောင် လူတော်တော်များများမှာ ၎င်းတို့ ဘေးပတ်ဝန်းကျင်၌ ထူးဆန်းသည့် အဖြစ်အပျက်များ အချိန်နှင့် တပြေးညီ ဖြစ်ပေါ်နေသည်ဆိုတာကို မရိပ်မိကြတာ များပေသည်။ အဖြစ်နိုင်ဆုံးကတော့ ယခုလို ကိစ္စရပ်မျိုးတွေကို အစိုးရ က နောက်ကွယ်ကနေ မသိမသာ တာဝန်ယူ ဖြေရှင်းနေခဲ့တာပဲ ဖြစ်နိုင်၏။
စစ်ရိုးမတောင်တန်းရှိ မိုးခေါင်ရေရှားခြင်းဖြစ်စဉ်ကလည်း ဒီတစ်ကြိမ်တွင် ရုတ်တရက် ဆန်စွာနှင့် နေရာ ကျယ်ကျယ်ပျံ့ပျံ့မှာ ရုတ်ချည်း ဖြစ်သွားခဲ့ရပေသည်။ တကယ်စဉ်းစားကြည့်မယ်ဆိုလျှင် ပဟေဋိဆန်ဆန် မူမမှန်နေသည့် နေရာများလည်း ရှိနေ၏။
ဥပမာဆိုရသော် ရေကန်အမြောက်အမြား ညတွင်းချင်း ခန်းခြောက်ကုန်ကြတာ။
မြစ်ရေချိန် ရုတ်ချည်း ထိုးဆင်းသွားတာ။
တစ်ချို့ရေတွင်းတွေမှာ ရေလုံးဝ မထွက်တော့တာ အစရှိသဖြင့်။အစောပိုင်းတွင် ဤထူးဆန်းထွေလာ ဖြစ်ရပ်များကို မီဒီယာများ သတင်းရသွားခဲ့ကြပြီးနောက် အင်တာဗျူးများ မေးမြန်းဖို့ရန်အထိ စီစဉ်ထားခဲ့ပြီး ဖြစ်နေခဲ့သည်။ သို့သော် ဤအကြောင်းများကို နယ်ခံအကြီးအကဲများက အထက်သို့ တင်ပြလိုက်သည့်အခါ သတင်းက ချက်ချင်းပဲ ပြည်ဖုံးကားခံချလိုက်ရတော့သည်။ ထို့နောက်မှာ အထက်က အထူးဌာနရှိ အဖွဲ့ဝင်များထံသို့ သီးသန့် အကြောင်းကြားလိုက််ပေ၏။ ထိုမှတစ်ဆင့် ၎င်းအဖွဲ့ဝင်များက တောက်ဓမ္မဘုန်းတော်ကြီးမုနှင့် အခြားကိုယ်တော်တို့ကို ဆက်သွယ်လာခဲ့ကာ ကိုယ်တိုင်ကိုယ်ကျ သွားရောက် ကြွမြန်းစစ်ဆေးကြည့်ဖို့ရန် ပင့်ဖိတ်ခဲ့ကြခြင်း ဖြစ်လေသည်။