(Unicode)
ရှန်းချွယ့်၏ စကားအဆုံးမှာ နားဆင်သူ ပရိသတ်အပေါင်း အုတ်အုတ်သောင်းသောင်းဖြစ်ကုန်ရလေသည်။
ရှန်းချွယ့်ကို ဝိုင်းကြည့်သည့်အကြည့်များမှာ အံ့ဩမင်သက်မှုတို့ အတိုင်းသား။
ယွိကျန်းတုလည်း ထိုအကြည့်များကို ခြုံငုံကြည့်လိုက်ပြီးသည့်နောက် သူ့အနေဖြင့် အုပ်စုနှစ်စု ခွဲလိုက်နိုင်၏။
ပထမအုပ်စု၏ အကြည့်မှာ တကယ် အံ့ဩမင်သက်ဖြစ်၍ အံ့အားတကြီး ဖြစ်သွားကြသည့် အကြည့်မျိုး။
ကျန်အုပ်စု၏ အကြည့်များမှာမူ ''ဘယ်ကိုလာပြီး ဗလောင်းဗလဲ လာကြွားနေတာလဲ" ဆိုသည့် လှောင်ရိပ်အကြည့်မျိုးတို့ ဖြစ်နေကြလေသည်။
လူကြီးမင်း၀မ် ၊ ရှန်၀မ်ရုန်နှင့် ကော်ရှီး၀မ် ၊ လျို့အော်တို့မှာမူ ဒုတိယ အဖွဲ့၀င်များ ဖြစ်ကြ၏။
ကော်ရှီး၀မ်က ဒေါသစွက်လျက် နေရာမှာတင် ထ ရယ်မောလာလေသည်။
ရှေးဟောင်းပန်းချီကားများနှင့် လက်ရေးအလှပန်းခက်စာများ ခွဲခြားနည်းဆိုသည့်အတတ်ပညာသည် လူအနည်းအကျဉ်းသာ နားလည်သဘောပေါက်သော အတတ်မျိုး ဖြစ်နေပေ၏။
အများစုမှာ ပညာရှင်များ၏ သုံးသပ်ချက်များအပေါ် မျက်ကန်းယုံစားလိုက်ကြသူချည်းသာ။
ပစ္စည်းက အမှန်တကယ် စစ်မှန်သည် မစစ်မှန်သည် ဆိုတာတွေ နောက်ထား....
အနည်းငယ်သော လွှမ်းမိုးမှုရှိသူ တစ်ယောက်ယောက်လောက်ကသာ သူတို့၏ သံသယအထင်မြင်တွေအကြောင်း ထုတ်ပြောလာခဲ့ပါလျှင်
ဒီအသိုင်းအဝိုင်းထဲက လူ အများစုကို ဂြိုလ်ဆိုးမွှေလိုက်သလို သံသယစိတ်များ ထကြွလာစေမှာ ဖြစ်သည်။ကော်ရှီး၀မ် မူလက ကြိုပြီး စိတ်ပူနေခဲ့သည့်အချက်မှာ ရှန်းချွယ့်ဆိုသူထံ၌ ထိုကဲ့သို့သော ယုံကြည်အားထားနိုင်လောက်သည့် အတွေးအခေါ်များ ရှိနေခဲ့မှာကို။
အပြည့်အ၀ကြီး ကြိုကြောက်နေခဲ့တာမျိုးတော့ မဟုတ်ပေမယ့်
တကယ်သာ တစ်ဖက်က အထောက်အထားခိုင်ခိုင်လုံလုံဖြင့် ထောက်ပြလာမှာမျိုးဆို ထိုအထောက်အထားများကို ပြန်လည်ချေပဖို့ရန် အချိန်ကုန် လူပမ်း ထပ်ဖြစ်ရဦးမှာပေ။