(Unicode)
ကျန်းသည်ကား ရုပ်ထုကြီးထဲသို့ နစ်မြုပ်ပျောက်ကွယ်သွားခဲ့တော့သည်။ဖုန်းတုဧကရာဇ်ရုပ်ထုကြီး၏ မျက်လုံးများမှာ ရုတ်တရက် အနီရောင်သန်းလာခဲ့ကြ၏။
ထိုအနီရောင်ပြေးမှုက မျက်လုံးထောင့်များမှနေ၍ ကျန်ရှိသော ခန္ဓာကိုယ်အစိတ်အပိုင်းများအပေါ်သို့ပါ ပျံ့နှံ့လာခဲ့သည်။ချက်ချင်းလက်ငင်းပဲ ရုပ်ထုတစ်ခုလုံးအနီရောင်ပြောင်းသွားပုံမှာ လတ်လတ်ဆတ်ဆတ် ထုတ်ယူထားသော သွေးနီများကို အသုံးပြု၍ ရုပ်ထုတစ်ခုလုံးအား အရောင်ခြယ်သထားခဲ့သလား ထင်မှတ်ရစေသည်။လော့ဖုန်းတောင်မှ ပျိုးထောင်ခြင်းခံခဲ့ရသော မကောင်းဆိုးဝါးတစ္ဆေများမှာ လက်များ အပြင်သို့ ဆန့်ထုတ်ထားရင်း ရုန်းကန်အော်ဟစ်နေခဲ့ကြ၏။
"တစ္ဆေဘုရင်....တစ္ဆေဘုရင်..."
"ကယ်ပါဦး...ကယ်ကြပါဦး"
ရှန်းချွယ့်က ထိုတစ္ဆေများကို ကြည့်လိုက်ပြီးနောက် တစ်ခွန်းသာ ဆိုချေသည်။
"မင်းတို့ထိုက်နဲ့မင်းတို့ကံပဲ"၎င်းက ယွိကျန်းတုကို ခန္ဓာကိုယ်ဖြင့် ကာထားပေးခဲ့၏။ သူ၏ မျက်လုံးအိမ်နှစ်ဖက်လုံးအား အမည်းရောင် ပြောင်းသွားပြီးနောက် အဆုံးအစမဲ့သည့် တွင်းနက်ကြီးများနှယ်။
၎င်း၏ လက်ဖဝါးထဲတွင် လော့ဖုန်းတောင်တစ္ဆေဘုရင် ချိပ်တံဆိပ် အမည်းရောင် ပေါ်ချလာခဲ့သည်။ယွိကျန်းတုမှာ ခန္ဓာကိုယ်နောက်ထဲ၌ ကွယ်နေရသူမို့ နှစ်ဦးနှစ်ဖက်ကြားက တိုက်ပွဲအခြေအနေ မည်သို့ ဖြစ်နေသည်ကို မှန်းဆကြည့်လို့မရ။
ဧရာမဖုန်းတုဧကရာဇ်ရုပ်ထု ပေါ်သို့ မမြင်ရသည့် ခွန်အားတစ်ရပ်က သွားရောက် ရိုက်ပုတ်နေသလို စွမ်းအင်တစ်မျိုးအား ခံစားသိရှိနေခဲ့သည်။ကျောက်နံရံကြီးလည်း တုန်ခါလာခဲ့၏။ဖုန်းတုဧကရာဇ်ရုပ်ထုမှာ ပါးစပ်ဖွင့်ဟလာကာ စကားဆိုလာခဲ့သည်။
"ရှန်းချွယ့်...မင်း ပြန်ရောက်လာပြီပေါ့"
"အင်း"
ရှန်းချွယ့်ဖက်ကလည်း မျက်လွှာချထားသော ရုပ်ထုအား ပြန်လည်ကြည့်လိုက်မိကာ..
"ခင်ဗျားလည်း ပြန်ရောက်လာပြီပဲ"