(Unicode)live ထဲတွင် ရှောင်တင်းမိဘများနှင့် ဖန့်ချွမ်မှာ ကြောင်အမ်းသွားကြရသည်။ မည်သို့မည့်ပုံ တုံ့ပြန်ရမည်ကိုပင် မသိကြတော့ချေ။ ထိုအစား ရှောင်တင်းကပဲ အဖက်ခံထားရတဲ့ ရင်ခွင် အတွင်းမှ ရုန်းကာ သူ့အမေရှိရာသို့ကြောက်အားလန့်အားဖြင့် ပြန်ပြေးသွားတော့သည်။ ထို့နောက် မိခင် ရင်ခွင်ထဲသို့ အတင်းတိုးဝင်၍ မျက်နှာကို ဖွက်ထားရင်းနှင့် ရှိုက်ကြီးတငင် ငိုချလေသည်။
"အမေ သမီးကြောက်တယ်"
အဖေလုပ်သူက သမီးငယ် ထံမေးကြည့်လိုက်ရသည်။
"သမီး ဘာဖြစ်လို့လဲ"
ထိုသူက မိခင်ရင်ခွင်ထဲ မြုပ်နေသည့် သမီးအား ခေါင်းလေး အသာအယာပုတ်ပေးလိုက်ရင်း ဖန့်ချွမ်ထံသို့ လက်ညိုးထိုးလိုက်၍
"အစောတုန်းက သမီးပဲ အဲ့ဒီလူကို တွေ့တော့ ဝမ်းသာသွားတာ မဟုတ်ဘူးလား"ရှောင်တင်းမှာ အမေ့ဆီမှ နှစ်သိမ့်မှုရရှိပြီးနောက် အငိုတိတ်သွားခဲ့သည်။ ငိုထားသည့် မျက်လုံးတို့က နီရဲနေခဲ့ကာ သူမက ထိုမျက်လုံးတွေဖြင့် ဖန့်ချွမ်အား အကဲခတ်လိုက်ပြီးနောက် ဖခင် ရင်ခွင်ထဲ ပြန်တိုးဝင်ပြန်သည်။
"သမီး အဲ့လူကြီးကို မသိပါဘူး"
ဖန့်ချွမ်မှာ အစောလေးတင်ကမှ မိမိ မိခင်လူပြန်ဝင်စားသည်ဟု လက်ခံလိုက်သည်ဖြစ်ရာ ယခုအခါတွင်မူ ယင်းစကားမျိုးကို ကြားလိုက်ရသည်။ ထို့အတွက် ရှောင်တင်းအား စူးရဲစွာ ကြည့်လိုက်မိ၏။
ဇာတ်လမ်းက တစ်ဆစ်ချိုးပြောင်းချသွားပြီးနောက် မထင်မှတ်ထားသည့် အလှည့်အပြောင်းတို့နှင့် စဥ်းစားထားသည့် အခြေအနေတို့က ဝေးသထက် ဝေးကွာသွားခြင်းကြောင့် မာစတာစုန့်မှာ ဇောချွေးတို့ ပျံလာရသည်။
"ရှောင်တင်း သမီး ဘာဖြစ်တာလဲ? သမီးပဲ အစောနလေးတုန်းက ဒီဦးလေးကြီး ဖန့်ချွမ်က သမီး အရင်ဘဝတုန်းက သားတော်စပ်သူပါလို့ ပြောတာ မဟုတ်ဘူးလား?"
ရှောင်တင်းက ဖခင်ရင်ခွင်ထဲမှာ နေနေရင်းပဲ မေးခွန်းမေးလာတဲ့ မာစတာစုန့်ထံသို့ ကြည့်ရင်း ပါးစပ်မှ ဗလုံးဗထွေး ဆိုလာခဲ့သည်။