(Unicode)
နှစ်သစ်အကြိုညစာစားပွဲအပြီးမှာ ယွိကျန်းတုတို့ ဧည့်ခန်းထဲတွင် ဝိုင်းစု ထိုင်လိုက်ကြပြီး စကားလေးတပြောပြောနှင့် တီဗီမှ ပြသနေသည့် နွေဦးပွဲတော် ပျော်ပွဲရွှင်ပွဲများအား ကြည့်လိုက်ကြသည်။
တီဗီကို ပျော်ပွဲရွှင်ပွဲ ကြည့်ဖို့ ဖွင့်ထားသည်ဆိုပေမယ့် အကြည့် တော်တော်များများက မိမိတို့၏ ဖုန်းများ ဆီတွင်သာ။ ယွိမားမားနှင့် ပါးပါးတို့က ၎င်းတို့ ဖုန်းထဲရှိ Wechat မှတစ်ဆင့် ဆွေမျိုးမိတ်ဆွေအပေါင်းအား နှစ်သစ်ဆုတောင်းစာများ ပေးပို့နေခဲ့ကြသည်။
ယွိကျန်းတုနှင့် ရှန်းချွယ့်တို့မှာမူ ၎င်းတို့၏ ကုမ္ပဏီ ၀န်ထမ်းများနှင့် တွဲဖက် ပါတနာ ကုမ္ပဏီများထံမှ ဆုတောင်းစာများ များစွာ လက်ခံရရှိကြ၏။ ယွိကျန်းတုလည်း တစ်ယောက်ချင်းစီတိုင်းကို တူညီသော ဆုတောင်းများ လိုက်လံ ဝေမျှလိုက်ပြီးနောက် မိဘနှစ်ပါးအား အနီရောင်စာအိတ်များ ပေးကမ်းခဲ့လိုက်သည်။
ယွိကျန်းတု ရှေ့ဆောင်လမ်းပြ လုပ်လာတာကို မြင်တော့ ရှန်းချွယ့်ကလည်း သူပါရောပြီး စာအိတ်နီ အကြီးကြီး နှစ်ခုကို ထုတ်လာခဲ့သည်။ ယွိမိဘနှစ်ပါးမှာ ရှန်းချွယ့်ပေးလာမည့် အနီရောင်စာအိတ်ထဲက ငွေပမာဏကို မြင်ရုံရှိသေး ထိုင်နေရာမှပင် ထ ခုန်မိတော့မတတ်။ ဘယ်လိုနည်းနဲ့မှ လက်မခံပေးနိုင်ကြောင်းလည်း ငြင်းဆန်လာခဲ့ကြသည်။
အဆုံးမှာ ယွိကျန်းတုကပဲ ကိုယ်စား လက်ခံပေးလိုက်
ရ၏။ သူက ဆိုလိုက်သည်။"ဘာမှ မဖြစ်ပါဘူး ရှောင်ရှန်း ပေးတဲ့စာအိတ်နီကို ကျွန်တော်ပဲ သိမ်းထားပေးမယ်"
ယွိပါးပါးမှာ အနည်းငယ် မနေတတ် မထိုင်တတ် ဖြစ်နေခဲ့ရသည်။
"ကျန်းတုရေ....မင်း နောက်ဘ၀ကျလို့ရှိရင်လည်း ရှောင်ရှန်းအတွက် အများကြီး အများကြီး အလုပ်ကြိုးစားပေးမှ ရမယ်နော်"ယွိကျန်းတုမှာ ဇောချွေးပင် ပြန်သွားရ၏။
"အဖေကလည်း...နှစ်သစ်ကိုကြိုမယ့် နေ့ကောင်းနေ့မြတ်မှာ အဲ့လို နမိတ်မရှိတဲ့စကားမျိုးတွေ မပြောပါနဲ့"