(Unicode)
ယွိကျန်းတုမှာ အပေပဲများနှင့် မိန်းကလေး...လက်တစ်ဆုပ်စာ မြေကြီးများကို တစ်မှုန်မှ မကျန်တော့တဲ့အထိ စားပစ်လိုက်တာကို မျက်လုံးအဝိုင်းသားနှင့်သာ ကြည့်နေနိုင်ခဲ့သည်။ ကျောရိုးတစ်လျှောက် ကြက်သီးပြိုင်းပြိုင်း ထသွားရ၏။ထိုအခါမှ သူလည်းပဲ အနှီမိန်းကလေး၏ လှုပ်ရှားပုံများမှာ သာမန်လူများထက် မာတောင့်တောင့် ကြီးဖြစ်နေသည်ကို သတိထားမိသွားခဲ့ရသည်။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးက မဖြစ်နိုင််လောက်အောင် ပိန်ပါးနေပြီး မျက်လုံးအောက်က စိမ်းဖန့်ဖန့်ပြာနှမ်းနှမ်း မျက်အိတ်ကြီးမှာလည်း လူသေကောင် တစ်ယောက်၏ ကြံအင်လက္ခဏာတွေ ဖြစ်နေခဲ့၏။
ယွိကျန်းတုလည်း ရွှေဥာဏ်တော် အလင်းပွင့်သွားခဲ့ရချေသည်။ မျက်နှာ အမူအရာကို အိန္ဒြေဆည်ထားလျက်...ဘေးနားပတ်ဝန်းကျင်ကို အကဲခတ်လိုက်၏။ ဘာသာရေးကိုယ်တော်များနှင့် အထူးဌာနမှ စေလွှတ်လိုက်သော လုပ်သားများဟာ သူတို့အလုပ် သူတို့ ရှုပ်နေကြဆဲပင်။ ဤမိန်းကလေးက သာမန်မဟုတ်သည့်အကြောင်းကို သတိထားမိပုံမပေါ်ကြ။
ယွိကျန်းတုလည်း ကိုယ့်အတွေးထဲမှာသာ ခန့်မှန််းချက်ရှိထားပြီး မိန်းကလေး၏ သရုပ်မှန်် အစစ်ကို သေချာတပ်အပ် မပြောရဲသေးချေ။ သူ့ခန့်မှန်းချက်ကို အတည်ပြုပေးနိုင်မယ့်သူကိုလည်း အော်ကြီးဟစ်ကျယ် လိုက်ရှာလိုက်လို့မရ။ သူ စိုးထိတ်မိသည်မှာ အကယ်လို့များ သူတွေးထားသမျှက အမှန်ဖြစ်နေခဲ့သော် တစ်ဖက်ရန်သူကို အသိပေးလိုက်ရာ ကျသွားမည်ကိုပင်။
သတိကြီးစွာကပ်လျက််ဖြင့် ဘေးနားပတ်ဝန်းကျင်ကို ဝေ့ယမ်းကြည့်ပြီး သူ၏ရှာဖွေတွေ့ရှိမှုကြီးအကြောင်းကို မျှဝေလို့ရမည့် သူအား ရှာဖွေကြည့်နေခဲ့မိသည်။ ထိုအချိန်မှာပဲ ရုတ်တရက် ထိုအာပေတူးမိန်းကလေးက အူလည်လည်ဖြင့် မေးလာသံကို ကြားလိုက်ရသည်။
"ဒီလူ ဘာလုပ်နေတာလဲ?"
ယွိကျန််းတုလည်း ၎င်းညွှန်းဆိုသည့် သူထံသို့ လှမ်းကြည့်လိုက်သည့်အခါ ဇောချွေးများပင် ပြန်သွားနေခဲ့သည်။