"W" ဟူသော တံဆိပ်ထင်းနေသည့် ၃၈ လွှာ မိုးမျှော် အဆောက်အဦးတစ်ခု။
အောက်ဆုံးထပ်မှစ၍ ၃၅ ထပ်မြောက်ထိ အလုပ်နှင့် သက်ဆိုင်သည့် ရုံးများရှိပြီး ၃၆ လွှာမှစ၍ ၃၈ လွှာအထိကျန်သောအထပ်များသည်လုပ်ငန်းဦးစီးသူတစ်ဦးတည်းနှင့်သာသက်ဆိုင်သည်။
Penthouse တစ်ခုသဖွယ်ဖြစ်နေသော အပေါ်ဆုံးထပ် ရှိဧည့်ခန်းမတွင်နက်မှောင်နေသည့်ဆိုဖာခုံ၌ထိုင်နေသောအမျိုးသားတစ်ဦးသည် သူ့မျက်နှာချင်းဆိုင်မှာရှိနေသော နံရံကပ်တီဗီကြီးထက်ရှိပုံရိပ်များကို ကြည့်ရှူနေသည်။
တစ်ကိုယ်လုံးနက်စွေးနေသည့်အပြင်အဆင်များနှင့်အတူ၊ နဖူးပြင်ပေါ်သို့ကျရောက်ခြင်းမရှိအနောက်သို့လှန်တင်ထားသည့်ဆံပင်ပုံသည် အသက်အရွယ်နှင့်ပင်မလိုက်အောင်ရင့်ကျက်သည့်အသွင်ကိုဆောင်၏။ခြေချိတ်ထိုင်နေသည်ကြောင့် ပြောင်လက်နေသည့်ရှူးဖိနပ်များ၏ဦးချွန်သည် တီဗီရှိရာဘက်သို့ ဦးလှည့်နေသည်။
မျက်လုံးများကစူးရဲသည်။နှုတ်ခမ်းတို့သည်တင်းတင်းစေ့နေ၏။လက်ဖဝါးနှစ်ဖက်ကိုလည်းယှက်တွယ်လို့ထားကာ ဘယ်ဘက်လက်သူကြွယ်နှင့်လက်သန်းထက်ရှိပလက်တီနမ်လက်စွပ်များအား ညာဘက်လက် ချောင်းများဖြင့် တစ်လှည့်စီပွတ်သပ်လို့နေတာဖြစ်သည်။
"အမတ်လောင်းရှောင်းချန် သည် မသေခင်ကတည်းက ပုပ်နေခဲ့သည်လား..."
ရုပ်မြင်သံကြားအစီအစဉ်မှ သတင်းကြေညာသူကြေညာလိုက်သည့် ပဟေဠိဆန်ဆန်ခေါင်းစီးကြောင့် ကြည့်နေသောထိုအမျိုးသား၏ နှုတ်ခမ်းထောင့်များသည်သိသိသာသာတွန့်ကွေးသွားသည်။
သတင်းဌာနမှတင်ဆက်နေသောအကြောင်းအရာများမှာအောက်ပါအတိုင်းဖြစ်၏။
ယခုနှစ်လွှတ်တော်အမတ်ရွေးကောက်ပွဲ၌ ပြည်သူလူထု၏ ထောက်ခံမှုများစွာကိုရရှိခဲ့သည့် အမတ်လောင်း ရှောင်းချန်နှင့် ဇနီးဖြစ်သူယွဲ့လန်ကိုမနေ့က နေအိမ်၌ ဓားဒဏ်ရာများဖြင့်တွေ့လျက်ရှိကြောင်းသိရသည်။
ရုပ်အလောင်းများသည်အနည်းဆုံးနှစ်ပတ်ခန့်ကြာမြင့်နေပြီဖြစ်သော်လည်း မနေ့ကမှတွေ့ရှိခဲ့ရခြင်းမှာ အမတ်လောင်းရှောင်းချန်သည် အားလပ်ရက်ရှည်ခွင့်ရနေခဲ့တာဖြစ်ပြီး အားလပ်ရက်ကုန်ဆုံးသွားသည့်အခါ ပါတီရုံးချုပ်သို့ရုံးတက်ရောက်လာခြင်းမရှိသည်ကြောင့် ပါတီဝင်တစ်ဦးက အိမ်သို့ လိုက်သွားခဲ့ရာမှ ထိုသို့မြင်ကွင်းအားတွေ့ရှိခဲ့ကာသက်ဆိုင်ရာများကို အကြောင်းကြားခဲ့တာဖြစ်သည်။
