"ချော်လဲမယ် သတိထားလျှောက်..."
မြေအောက်ခန်းထဲသို့အင်္ဂတေခင်းထားသောလှေကားထစ်များမှဆင်းနေသည့်ရှောင်းကျန့်ကို
ဝမ်ရိပေါ်ထိန်းကိုင်ပြီးလျှောက်လာသည်။"ဪ...ဪ...ဪ...မမတို့ကဒီမှာလာပုန်းနေတာကိုး...ကျွန်တော်ကတစ်ညလုံးတစ်နေ့လုံးလိုက် ရှာလိုက်ရတာ..."
ရှောင်းကျန့်က မြေအောက်ခန်းထဲသို့ရောက်လာသည့်အခါ အချုပ်ခန်းသဖွယ်သံတိုင်များကာရံထားသည့်အခန်းနှစ်ခုကိုကြည့်ပြီးအူမြူးစွာပြောလိုက်သည်။ရှောင်းကျန့်ကလီရှင်းဆီသို့အရင်မသွားသေးဘဲ လီရှင်းနှင့်ဘေးချင်းကပ်အချုပ်ခန်းဘက်သို့လျှောက်သွားလိုက်ကာအံ့ဩနေသည့်မျက်ဝန်းလေးများဖြင့်...
"မမ...မမကဘာလို့ဒီမှာလာပုန်းနေတာလဲဟင်...မမကိုလူတွေလိုက်ရှာနေကြတာလေ...ကောကောလည်းလိုက်ရှာနေတာ..."
ထို့နောက်ရှောင်းကျန့်က မသိနားမလည်သည့်ကလေးတစ်ဦးအသွင် ရယ်လိုက်ပြီး လီရှင်းရှိနေသည့် အချုပ်ခန်းရှေ့မှာသွားရပ်၍...
"အခုတော့ ကောကောကမမကိုရှာလို့တွေ့သွားပြီထင်ပါရဲ့...ပျော်ဖို့ကောင်းလားဟင်ကောကော...အခုဘယ်သူလိုက်ရမယ့်အလှည့်လဲဟင်...ကျွန်တော်က မမကိုအရင်တွေ့ခဲ့တာဆိုတော့ မမလိုက်ရမယ့်အလှည့်ပေါ့နော်..."
ရှောင်းကျန့်က အနောက်သို့လှည့်ကာ လီရှင်းနှင့်ရှောင်းမီနာကိုစောင့်ကြည့်နေသည့် အစောင့်များကိုကြည့်လိုက်သည့်အခိုက်ထိုသူများကအလိုက်သိစွာ ရှောင်းမီနာ၏အခန်းထဲသို့ဝင်ကာ ရှောင်းမီနာ၏မျက်လုံးများကို အဝတ်စအမည်းဖြင့်စည်းနှောင်လိုက်၏။
"လွှတ်...! ငါ့ကိုလွှတ်ကြ...! "
မျက်လုံးကို အဝတ်စဖြင့်စည်းခံရပြီးလျှင် ဘာဆက် လုပ်ခံရမလဲဆိုတာသိနေဟန်ရှိသည့်ရှောင်းမီနာက သူကိုဝိုင်းချုပ်နေကြသည့်လူများကြားရုန်းကန်လို့နေသည်။
"ဟွန့်...မမကလည်း မမ လိုက်ရမယ့်အလှည့်မလို့ မျက်လုံးလေးတွေအုပ်ထားတာကို..."
ချစ်စရာဟန်လေးဖြင့် ပြောနေသည့်ရှောင်းကျန့်က အစောင့်တစ်ယောက်ယူလာပေးခဲ့သည့် ဖန်ခွက်လေးထဲသို့လက်ထဲမှာရှိနေသော ဆေးထိုးအပ်ကိုနှစ်ကာအထဲမှဝါကျန့်ကျန့်အရည်များကိုဆေးထိုးပြွန်၏လေးပုံတစ်ပုံခန့်စုပ်ယူလိုက်၏။ပြီးလျှင်အချုပ်ခံထားရပြီးတုတ်တုတ်မလှုပ်နိုင်သည့်ရှောင်းမီနာဆီသို့လျှောက်သွားကာ ငုတ်တုတ်လေးထိုင်လိုက်ပြီး...