ဖလောရန့်စ် (Florence) မြို့ရှိ ၁၇ နှစ်ရာစုနှောင်းပိုင်း၌ ဆောက်လုပ်ထားသော ရဲတိုက်တစ်ခုရှေ့တွင်ဝမ်ရိပေါ် မတ်တပ်ရပ်လို့နေကာ အပြင်အဆင်များကိုနောက်ဆုံးတစ်ခေါက်စစ်ဆေးလို့နေ၏။
ဝမ်ရိပေါ် ဖလောရန့်စ်မြို့၌အလုပ်ရှုပ်နေသည်မှာရက်အနည်းငယ်ရှိနေပြီဖြစ်သည်။ဖလောရန့်စ်မြို့ဆိုသည်မှာ ယခင်ကအီတလီနိုင်ငံ၏မြို့တော်ဖြစ်ခဲ့ဖူးပြီး ယခုလက်ရှိမြို့တော် ရောမမြို့နှင့် ကားလမ်းခရီးသုံးနာရီခန့်သွားလာရတာဖြစ်၏။
ဝမ်ရိပေါ် သူ့မျက်စိရှေ့က ရဲတိုက်ပတ်ပတ်လည်၌ "Happy Birthday Bae" ဆိုသည့်စာလုံးကိုပုံဖော်သွယ်တန်းထားသောအလှမီးကြိုးများနှင့် ထုံသင်းပျံ့နေသော ပန်းအပြင်အဆင်များကို စိတ်ကြိုက်ဖြစ်သွားသည့်ဟန် ပြင်ဆင်သူများအား ခေါင်းညိတ်ပြလိုက်သည်။ထိုစဉ်ဝမ်ရိပေါ်ရှိရာသို့ ဂျွန်လျှောက်လာကာ သူ့လက်ထဲကိုင်လာသည့် ရှည်မျောမျောအနက်ရောင်လေးထောင့်ဘူးအား အဖုံးဖွင့်ပြလိုက်သည်။
ကိုယ်ထည်၌ ဖဲကြိုးအနီရောင်လေးချည်ထားသည့်ရိုင်ဖယ်သေနတ်သည် xxx အမျိုးအစားဖြစ်ပြီး၊ အီတလီ၌ တရားဝင်ကိုင်ဆောင်ခွင့်မရှိသည့်ရိုင်ဖယ်အမျိုးအစားဖြစ်၏။တစ်ယောက်သောသူလိုချင်သည့်ပုံစံအတိုင်းမသွေမတိမ်းဖြစ်သော ရိုင်ဖယ်ကိုဝမ်ရိပေါ်သေချာစစ်ဆေးလိုက်ပြီးနောက် ဂျွန်ကိုပြန်သိမ်းခိုင်းလိုက်၏။ထို့နောက်သူ့လက်ကောက်ဝတ်ပေါ်ကနာရီကိုကြည့်လိုက်သည့်အခါအချိန်က မနက် ၁၀ နာရီရှိပြီဖြစ်သည်ကြောင့် ဂျွန်ကို ကားပြင်ခိုင်းလိုက်သည်။
ဝမ်ရိပေါ်ကအနက်ရောင်ဝတ်စုံပြည့်ကိုဝတ်ဆင်ထားပြီးထုံးစံအတိုင်းဆံပင်တွေကိုနောက်ပြန်လှန်ဖီးထားသည်ကြောင့်ရင့်ကျက်သည့်လူငယ်တစ်ဦးကဲ့သို့ခန့်ညားနေ၏။ ရောမမြို့သို့ဦးတည်နေသည့် ကားအနောက်ခန်းတွင်ထိုင်နေရင်းရံဖန်ရံခါ သူ့နံဘေးရှိ တစ်ပေခွဲခန့်ရှိသောအဖြူရောင်လေးထောင့်ဘူးလေးကိုစောင်းငဲ့ကြည့်၏။သူဝတ်ထားသည့် ဝတ်စုံအရောင်နှင့်ဆန့်ကျင်စွာထိုအဖြူရောင်ဘူးလေးထဲမှာရှိနေသည်က အဖြူရောင်အနောက်တိုင်းဝတ်စုံလေးတစ်စုံပဲဖြစ်၏။
