"ငါ့လက်မှာ ဆေးတွေပေသွားလို့လာသုတ်ပေးပါလား..."
မနက်စာစားပြီးကတည်းက ပန်းချီခန်းထဲဝင်ထိုင်ကာ ပန်းချီကားချပ်အလွတ်ပေါ်သို့ဟိုဟိုဒီဒီခြစ်နေသည့် ရှောင်းကျန့်ကလက်ဖဝါးပေါ်ပေနေသောရောင်စုံဆေးလေးများကို ငုံ့ကြည့်ရင်းပြောလိုက်သည်။သူ့ကိုယ်သူဘယ်သူ့ကိုစကားလှမ်းပြောလိုက်မှန်းမသိသည့်ရှောင်းကျန့် က သူကလွဲ၍မည်သူမှမရှိသည့်ပန်းချီခန်းထဲမှာကျောက်ရုပ်တစ်ခုလိုငြိမ်သက်လို့သွားပြီး၊ ပြီးမှပြန်သက်ဝင်လှုပ်ရှားလာကာ ပေနေသည့်လက်နှစ်ဖက်ကိုဝတ်ထားသည့်အင်္ကျီအဖြူလေးဖြင့်သာသုတ်လိုက်သည်။
ရှောင်းကျန့်၏မျက်လုံးသေလေးများသည် အရောင် ဖျော့နေသည်။မျက်နှာရိပ်ကတော်တော်ကိုညှိုးကျနေ၏။ဆွဲလက်စပန်းချီကိုလည်းဆက်ဆွဲခြင်းမရှိတော့ဘဲစုတ်တံများထဲမှအကြီးဆုံးစုတ်တံကို ဆေးပုံးအနက်ရောင်ထဲနှစ်လိုက်ကာ ပန်းချီကားတစ်ခုလုံးကိုအနက်ရောင်ဖုံးလွှမ်းစေလိုက်၏။ပြီးလျှင်ပန်းချီထိုင်ဆွဲနေသည့်ခုံလေးပေါ်တွင်ခြေနှစ်ချောင်းတင်၍ဒူးတုပ်ထိုင်လိုက်ပြီးခေါင်းလေးကိုမှောက်ချလိုက်၏။
"ကျန့်ကျန့်..."
ရှောင်းကျန့် ပန်းချီခန်းထဲမှာရောက်နေတာကြာပြီဖြစ်၍ ကလိုဝီလာကြည့်ခြင်းဖြစ်သည်။အင်မတန်ကိုငြိမ်သက်နေသည်ဖြစ်၍ ကလိုဝီအနည်းအကျဉ်းတော့စိတ်ပူမိခြင်းဖြစ်သည်။ထို့အပြင်ဒီနေ့မနက်အိပ်ရာနိုးလာကတည်းက ရှောင်းကျန့် တရှောင်ရှောင်ဖြစ်နေသည်ကိုကလိုဝီသတိမူမိခြင်းကြောင့်ဖြစ်၏။မနက်စာစားပွဲ၌လည်း ကိုယ့်လက်ကိုယ့်ခြေဖြင့်တိတ်ဆိတ်စွာစားသွားခြင်းဖြစ်ကာ၊ အရှေ့ရက်များကလို ပြဿနာရှာခြင်းမရှိခဲ့တာဖြစ်၏။
ထို့ကြောင့်ဒီတစ်ခါတွင်တော့ကလိုဝီဘက်ကစပြီးထုတ်မေးဖို့ဖြစ်လာရသည်။
"နေကောင်းရဲ့လားကျန့်ကျန့်..."
ရှောင်းကျန့်က ခေါင်းမှောက်ထားရာမှပြန်မတ်လာကာ ခုံပေါ်မှဆင်းပြီး သူနေကောင်းကြောင်းကလိုဝီကိုခေါင်းညိတ်ပြ၍ပန်းချီခန်းထဲမှထွက်သွားတော့၏။သူ၏ကိုယ်ပိုင်အိပ်ခန်းထဲပြန်ဝင်လို့သွားသည့်ရှောင်းကျန့်ကအဝတ်ဗီဒိုကိုဖွင့်လိုက်ပြီးအထဲမှအပြင်သွားသည့်အဝတ်အစားတစ်စုံကိုထုတ်ယူဝတ်ဆင်လိုက်၏။ပြီးလျှင် အီတလီမှာနေစဉ်ကလွယ်နေကျဘေးလွယ်အိတ်လေးထဲသို့ထည့်စရာရှိတာများထည့်ပြီးလွယ်လိုက်၍အောက်ထပ်သို့ပြန်ဆင်းလာခဲ့၏။