ပစ္စုပ္ပန်ကာလ။
"မိုနာလီဇာအပြုံးနဲ့ကျွန်တော့်အပြုံးဘယ်ဟာပိုလှလဲဟင် ကောကော..."
ချစ်စရာကောင်းသောအမူအရာလေးဖြင့်ပြောနေသော်လည်းခြောက်ခြားဖွယ်ရာမျက်ဝန်းသေများ၊ တိုးတိုးလေးပဲဖြစ်သော်လည်းရင်ထဲမှာတော့မိုးခြိမ်းသံများကဲ့သို့ဖြစ်ပေါ်စေသောခြောက်ခြားဖွယ်အတိပြီးသည့်ရယ်သံညင်းညင်းလေးများ၊ နှုတ်ခမ်းထောင့် လေးများကွေးညွတ်နေသော်လည်းပြုံးပြနေသည်ဟုမထင်ရသောပုံရိပ်များ။
ရိုင်ဖယ်သေနတ်တစ်လက်ကိုကျွမ်းကျင်စွာကိုင်တွယ် တတ်မှု၊ ဝမ်ရိပေါ်၏လူယုံဖြစ်သောဂျွန်ကိုလည်းသူ၏လူယုံအဖြစ်စေခိုင်းနေသည့်ရှောင်းကျန့်၏အပြုအမူများစသည်တို့သည် လီရှင်း၏မျက်လုံးထဲ၌အစိမ်းသက်သက်သာဖြစ်လို့နေကာခေါင်းထဲမကျေညက်သေးသည့်အရာများကိုတွေးလို့နေသည်။
ထိုမျက်ဝန်းသေများ၏အဓိပ္ပာယ်ကဘာလဲ။အမှုလိုက်ရဲအဖြစ်အလုပ်လုပ်ခဲ့သည့်ကာလတစ်လျှောက်မှာ ရာဇဝတ်သားအမျိုးအမျိုးကိုသူကြုံတွေ့ခဲ့ရဖူးသည်။အဲ့ဒီအထဲမှာမှ စိတ္တဇရာဇဝတ်သားတို့၏မျက်ဝန်းများသည်သူ့စိတ်ထဲမှာအမြဲစွဲထင်ကျန်ရစ်နေတတ်သည်။
သူမယုံကြည်ချင်ပေမယ့် သူ့နဖူးကိုသေနတ်ပြောင်းနဲ့ထောက်ထားတဲ့ကလေး၏မျက်ဝန်းတွေက အဲ့လိုလူတွေ၏မျက်ဝန်းများနှင့်တစ်ထေရာတည်းဖြစ်လို့နေ၏။
ဒါဆို သူဘယ်နေရာမှာကွင်းဆက်ပြုတ်သွားခဲ့တာလဲ။ဆယ်စုနှစ်တစ်ခုစာအဆက်အသွယ်ပြတ်နေခဲ့သည့်အချိန်မှာဘာတွေဖြစ်ခဲ့တာလဲ။ဒီကလေးအပေါ်သူတို့တွေလျစ်လျူရှုမိခဲ့သည့်အချိန်တွေမှာဘာတွေများဖြစ်ပျက်ခဲ့တာလဲ။
လီရှင်းတွေးလို့နေရင်း ခေါင်းထဲနောက်ကျိလာသလို၊လက်မခံနိုင်ခြင်းများလည်းအစပျိုးလာသည်။သူ့ရင်ထဲဖြစ်ပေါ်နေသည်က နောက်ကျောကိုဓားနဲ့ထိုးခံရတဲ့ခံစားမှုမျိုး။ခံပြင်းခြင်းဆိုသည်ထက် မယုံနိုင်ခြင်း၊ တုန်လှုပ်ခြင်း၊ မထင်မှတ်ခဲ့ခြင်း၊ အကြွင်းမဲ့ယုံကြည်ခဲ့မှုမှာအနီးကပ်သစ္စာဖောက်ခံခဲ့ရခြင်းစသည့်ခံစားချက်များရောပြွန်းနေသည့်အခါ စဉ်းစားနေရသည့်ဦးခေါင်းသည် ပေါက်ထွက်လုမတတ်ဖြစ်၏။
