"ရိပေါ်က ဘာကြိုက်တတ်လဲ..."
"Darling က black ကော်ဖီကြိုက်တယ်..."
"အဲ့တာအပြင်ဘာကြိုက်တတ်သေးလဲ..."
သူထပ်မေးတော့ကျန့်ကျန့်မစဉ်းစားတတ်တော့သလိုဖြစ်သွား၏။ဒီအချိန်မှာသူရိပေါ်ကိုကျန့်ကျန့်ဘာကြိုက်တတ်လဲလို့မေးကြည့်ရင်ဗလာစာအုပ်နှစ်အုပ် ပေါ်တွင်ချရေးရလောက်သည်အထိရိပေါ်ကတိတိပပအသေးစိတ်ပြောပြလာနိုင်လိမ့်မည်။
အပြစ်ဆိုခြင်းမဟုတ်သော်ငြားဒီလောက်နှစ်တွေအကြာကြီးပတ်သတ်ခဲ့သည့်ကာလတစ်လျှောက်မှာရိပေါ်၏အကြိုက်တွေကိုကျန့်ကျန့်တစ်ခါမှမစဉ်းစားပေး၊မတွေးပေးခဲ့ဘူးထင်သည်။တစ်ဖက်စောင်းနင်းမမျှမတဖြစ်နေသည့်အိမ်ထောင်ရေးကိုအတိမ်းအစောင်းမရှိအောင်သည်းခံထိန်းသိမ်းနိုင်သည့်ရိပေါ်ကအင်မတန်ကိုချီးကျူးထိုက်တာလည်းဖြစ်၏။
"ရိပေါ် က ဘာကြိုက်လဲလို့ကျန့်ကျန့်..."
ရှောင်းကျန့်ခေါင်းကဆံပင်လေးတွေကိုလက်ညိုးလေးနဲ့လိမ်၍ဆော့ကစားနေသည်။ဘာကိုမှထပ်မစဉ်းစားနိုင်တော့သည့်အဆုံး သူ့ကိုယ်သူသာလက်ညိုးထိုးပြလိုက်တော့သည်။ဒါကတော့ငြင်းမရသည့်အမှန်တရားဖြစ်၍ ကလိုဝီဘာမှထပ်မပြောနိုင်ဖြစ်သွားပြီး...
"ဟုတ်တာတော့ဟုတ်ပါတယ်...ဒါပေမယ့်ကျွန်မမေးနေတာ ရိပေါ်ဘာအစားအသောက်ကြိုက်တတ်လဲဆိုတာလေ ကျန့်ကျန့်..."
ရှောင်းကျန့်နောက်တစ်ခေါက်သူ့ကိုယ်သူလက်ညိုးထိုးပြပြန်သည်။
"Darling က ကျွန်တော်လုပ်ကျွေးတာဘာမဆိုကြိုက်မှာပါ..."
"Ok ဟုတ်ပြီ...အဲ့တာဆိုကျွန်မတို့ဘာလုပ်ကြမလဲ..."
"ပေါက်စီသေးသေးလေးတွေပေါင်းပေးမယ်..."
"အင်း ဖြစ်စေရမယ်...အဲ့တာတော့ကျွန်မလုပ်တတ်တယ်..."
ရှောင်းကျန့်နှင့် ကလိုဝီက ညနေအိမ်ကိုပြန်ရောက်လာမည့် ဝမ်ရိပေါ်စားရန်အတွက် ပေါက်စီများပြုလုပ်ဖို့စားသောက်ခန်းထဲသို့ဝင်လာကြသည်။
"ရော့ ကျန့်ကျန့် ဒါလေးဝတ်ထား..."
ကလိုဝီကမ်းပေးလာသော မိုးပြာရောင်အေပရွန်လေးကိုရှောင်းကျန့်သူ့ခန္ဓာကိုယ်ထက်ဝတ်ဆင်လိုက်သည်။လက်ကိုသေချာစင်ကြယ်အောင်ဆေး၍ ကလိုဝီပြောသည့်အတိုင်းမသွေမတိမ်းလိုက်လုပ်၏။ဖန်ဇလုံအကြီးထဲဂျုံမှုန့်များနှင့်ရေကိုအနေတော်ထည့်လိုက်သည့်ရှောင်းကျန့်က ဂျုံများကိုမုန့်သားရလာသည်အထိသူ၏လက်ချောင်းသွယ်လေးများဖြင့်နယ်လို့နေ၏။
